“ဆင်ကူးကျွန်းဒီရေတော ကြိုးပြင်ကာကွယ်တော သတ်မှတ်”
28 Jul
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အနေနဲ့ ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက်ရှိပြီး တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ် အဝန်း ၉,၆၀၄ ဧကရှိတဲ့ နယ်မြေကို “ဆင်ကူးကျွန်းဒီရေတော ကြိုးပြင်ကာကွယ်တော"အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၇၃/၂၀၂၅)အရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက် (၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်)ကစတင်၍ သတ်မှတ် လိုက်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရပါတယ်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနဲ့ ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့ စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်/လေမုန်တိုင်းဒဏ် ခံစားရမှုများအား သဘာဝတံတိုင်းကြီးများ သဖွယ်ကာကွယ်ရန်၊ ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ကဏန်း၊ ပုစွန်ရေသယံဇာတများ စဉ်ဆက်မပြတ်ထုတ်ယူ သုံးစွဲနိုင်နိုင်ရန်နှင့် ဒီရေတောဂေဟစနစ် စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်၍ ဒီရေတောကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါတယ်။ ဆင်ကူးကျွန်းဒီရေတော ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် ဒီရေတော၏အဓိကသစ်မျိုးများဖြစ်သည့် ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ လမု၊ လဘ၊ ကနစို၊ သမဲ့၊ ကျန၊ မဒမ၊ ပင်လယ်အုန်း အစရှိတဲ့ သစ်မျိုးများနှင့် သရော၊ နှံဗြူး(ငှက်)နှင့် ဓနိပင် စသည့် ဒေသမျိုးရင်း ဒီရေတောသစ်မျိုးများအား ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဗျိုင်း၊ ဗျိုင်းအောက်၊ စွန်၊ သိမ်းငှက်၊ ပန်းဇင်ငှက်၊ ခရုစုပ်ငှက်၊ ရေညှောင့်နှုတ်ဝိုင်းငှက်၊ တင်ကျီးငှက်၊ ငှက်တုံးငှက် စသည့် ငှက်မျိုးများ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင်ခြင်း၊ သား ငါး၊ ကဏန်း၊ ပုစွန်များ ရှင်သန် ပေါက်ပွားရာ ဂေဟစနစ်ပိုမိုကောင်းမွန်လာစေခြင်း၊ ဒီရေတောများသည် အဏ္ဏဝါဂေဟစနစ်ကို တည်ငြိမ်မှုအတွက် အရေးပါတဲ့ ဂေဟစနစ်တစ်ခုဖြစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်မှကာကွယ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)