“ရုရှားနိုင်ငံနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆွေးနွေးပွဲ၌ အမေရိကန်နှင့်တရုတ်နိုင်ငံတို့ကြား အချေအတင် ဖြစ်ပွား”
28 Jul
အမေရိကန်ပြည်ထောင်စုနှင့်တရုတ်နိုင်ငံတို့သည် ရုရှားနိုင်ငံနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆွေးနွေး ပွဲ၌ အချေအတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမေရိကန်နှင့်တရုတ်နိုင်ငံတို့သည် ပြီးခဲ့သည့်ရက်သတ္တပတ်အကုန်ပိုင်းက ကျင်းပသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆွေးနွေးပွဲ၌ အချေအတင်၊ အငြင်းအခုံ ဖြစ်ပွားခြင်းဖြစ်ပြီး တရုတ်နိုင်ငံသည် ရုရှားနိုင်ငံအား လျှို့ဝှက်စွာအကူအညီပေးလျက်ရှိသည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ဒေါရောသီရှီးက စွပ်စွဲ ပြောကြားပြီးနောက် နှစ်နိုင်ငံကြား အချေအတင်ဖြစ်ပွားခြင်း ဖြစ်သည်။ ထို့ပြင်ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအတွင်း လုပ်ဆောင်နေသည့် ရန်လိုမှုများကို ရပ်တန့်ပေးရန် ဒေါရောသီရှီး က တရုတ်နိုင်ငံအား တောင်းဆိုခဲ့ကြောင်း သိရသည်။ အဆိုပါပြောဆိုချက်များကို တရုတ်နိုင်ငံက ငြင်းဆိုခဲ့ပြီး ယူကရိန်းပဋိပက္ခအား တရုတ်နိုင်ငံက စတင်ခဲ့ခြင်းမဟုတ်ကြောင်း၊ ထို့ပြင်ပဋိပက္ခတွင် ပါဝင်နေခြင်းမရှိကြောင်း၊ အဆိုပါပဋိပက္ခတွင် အသုံးပြုရန်အတွက် လက်နက်ခဲယမ်းများကိုလည်း ထောက်ပံ့ပေးနေခြင်းမရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်လက်ထောက်သံအမတ် ကန်းရှုအမ် က တုံ့ပြန် ပြောကြားသည်။ ထို့အတူ အမေရိကန်ပြည်ထောင်စုအနေဖြင့် ယူကရိန်းအရေးတွင် နှစ်ဦးနှစ်ဖက်အကြား အပစ်အခတ် ရပ်စဲ ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်စေရေးတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပိုမို ပါဝင်ပြီး အခြားနိုင်ငံများ အပေါ်အပြစ်တင်ခြင်းအားဖြင့် ထိပ်တိုက်ရင်ဆိုင်မှုများဖန်တီးခြင်းကို ရပ်တန့်သင့်ကြောင်း တရုတ်နိုင်ငံက ဆက်လက် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ တရုတ်ကုမ္ပဏီများသည် ရုရှားနိုင်ငံအား အနောက်နိုင်ငံများက ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ကျော်လွှားနိုင်စေရန်အတွက် အကူအညီများပေးအပ်လျက်ရှိပြီး စစ်ရေးတွင် အသုံးပြုနိုင်သည့် နည်းပညာ များနှင့်ပစ္စည်းကိရိယာများကို ရုရှားနိုင်ငံသို့ ပေးပို့လျက်ရှိသည်ဟု အမေရိကန်အစိုးရကယူဆထားသည်။ သို့သော် တရုတ်နိုင်ငံသည် ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်ရေးအတွက် ကြားဝင်ဖျန်ဖြေသည့် အခန်းကဏ္ဍမှပါဝင်ရန် ကမ်းလှမ်းခဲ့သည့်အပြင် ရုရှားအပေါ် အနောက်နိုင်ငံများက ပိတ်ဆို့မှုများချမှတ်ခြင်းသည် ယူကရိန်းငြိမ်းချမ်းရေးကို ဖြစ်ပေါ်စေမည်မဟုတ်ဟု တုံ့ပြန်ထားကြောင်း RT သတင်းဌာနဖော်ပြချက်အရသိရသည်။