တရားမဝင် စက်သုံးဆီနှင့်ကုန်စည်များ သယ်ဆောင်မှုမရှိစေရန် စစ်ကိုင်းတံတားဖြတ်မည့် ကုန်ကားများ မန္တလေးစွယ်တော်ကားကွင်းတွင် စစ်ဆေးခံရမည်

27 Jul

တရားမဝင် စက်သုံးဆီနှင့်ကုန်စည်များ သယ်ဆောင်မှုမရှိစေရန် စစ်ကိုင်းတိုင်းဘက်သို့ ကူးသန်းမည့် ကုန်ကားများအားလုံး မန္တလေးစွယ်တော်ကားကွင်းတွင် ဦးစွာစစ်ဆေးခံရမည်ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီနှင့်ကုန်စည်များ ဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး အလေးထားဆောင်ရွက်နေပြီး စိစစ်ရေးလုပ်ငန်းများမှာ ထုတ်ပြန်ထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကာ အဂတိမှုများမရှိစေရေး ကြပ်မတ်သွားရမည်ဖြစ်ကြောင်း ဇူလိုင်လ ၁၄ ရက်တွင် ပြုလုပ် ခဲ့သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် က ပြောကြားခဲ့ ပါတယ်။ ဧရာဝတီတံတား(ရတနာပုံ)၊ မြစ်ကူးတံတား(မန္တလေး) တို့ကို ဖြတ်သန်းသွားလာမည့် ယာဉ်များကို စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ ယာဉ်ကြောကျပ်တည်းခြင်းမဖြစ်ပေါ်စေရန်နှင့် ခရီးသွားများ အခက်အခဲ မရှိစေရန်အတွက် (၁၅)တန်နှင့်အထက် ကုန်တင်ယာဉ်များမှာ အမရပူရမြို့နယ်ရှိ ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ် ရပ်နားစခန်း(စွယ်တော်ကားကွင်း)ရှိ စစ်ဆေးရေးစခန်းနှင့် (၁၅)တန်အောက် ကုန်တင်ယာဉ်များ၊ ခရီးသွားယာဉ် များနှင့် ကိုယ်ပိုင်ယာဉ်များကို ဧရာဝတီတံတား(ရတနာပုံ)၊ မြစ်ကူးတံတား(မန္တလေး) စစ်ဆေးရေးဂိတ်အနီးရှိ စစ်ဆေးရေးစခန်းတို့တွင် စစ်ဆေးမှုခံယူ၍ ဖြတ်သန်းသွားလာခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တံတားရေရှည် ကြံ့ခိုင်ရန်အတွက် (၁၅)တန်နှင့်အထက် ကုန်တင်ယာဉ်များကို မန္တလေး(ရွှေကြက်ယက်)ဆိပ်ကမ်းနှင့် စစ်ကိုင်း ဆိပ်ကမ်းတို့အကြား ပုဂ္ဂလိကပိုင်တွဲရေယာဉ်များနဲ့ ဖြတ်သန်းသွားကြရမှာ ဖြစ်ပါတယ်။ အခုလိုစစ်ဆေးမှုများကို ဇူလိုင်လ ၂၂ ရက်မှစတင် ဆောင်ရွက်လျက်ရှိပြီး စစ်ဆေးမှုကြောင့် မန္တလေး စွယ်တော်ကားကွင်းတွင် တန်းစီနေသော ကုန်တင်ကားများ များပြားနေပြီး ကြာရှည်မခံသည့် ကုန်ပစ္စည်းများ ဆုံးရှုံးမှာကို ကုန်သည်အချို့က စိုးရိမ်မှုများ ရှိနေကြပါတယ်။ ယခင်က စစ်ကိုင်းတံတားမှတစ်ဆင့် ကုန်ကားပေါင်းများစွာ နေ့စဉ်ဖြတ်သန်းသွားလာလျက်ရှိပြီး တရားမဝင် စက်သုံးဆီများ သယ်ယူပို့ဆောင်မှုများလည်းရှိနေကာ ယခုကဲ့သို့ စိစစ်ဖြတ်သန်းခွင့်ပြုခြင်းဖြင့် တရားမဝင် စက်သုံးဆီ သယ်ယူရောင်းချမှုများကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)

27 Jul

ADVERTISE HERE .