နျူကလီးယားဖျက်သိမ်းရေးကို အပြည့်အဝဖော်ဆောင်နိုင်ရေးအတွက် အမေရိကန်က မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိဟုဆို

27 Jul

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားဖျက်သိမ်းရေးကို အပြည့်အဝဖော်ဆောင်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့သည်ဟု အမေရိကန်အစိုးရအဖွဲ့မှ အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ တောင်ကိုရီးယားနိုင်ငံမှ ယွန်ဟပ်သတင်းအေဂျင်စီက ဇူလိုင်လ ၂၆ ရက်တွင် ဖော်ပြသည်။ သမ္မတ ထရမ့် ဦးဆောင်သည့် အမေရိကန်အစိုးရသည် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား ဖျက်သိမ်းရေးနှင့်စပ်လျဉ်း၍ ခေါင်းဆောင် ကင်ဂျုံအန် နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်ကျင်းပနိုင်ရန် မျှော်လင့်လျက်ရှိသည်။ ထရမ့် နှင့် ခေါင်းဆောင် ကင် တို့နှစ်ဦးသည် ၂၀၁၈ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် တစ်ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးဖြစ်သည်။ အမေရိကန်အစိုးရအနေဖြင့် မြောက်ကိုရီးယားအစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးကို ပြန်လည် စတင်ရန်အတွက် ခေါင်းဆောင်ကင် နှင့် ထိတွေ့ဆက်ဆံမှုများကို လုပ်ဆောင်နိုင်ဖွယ်ရှိသည်ဟု ထရမ့် က ယခုနှစ် မတ်လအတွင်းကလည်း ပြောကြားထားသည်။ ယင်းနောက်ပိုင်းတွင် အမေရိကန်အစိုးရသည် မြောက်ကိုရီးယားနှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အတွက် အသုံးပြုနိုင်သည့် နည်းလမ်းများကို ရှာဖွေလာခဲ့ကြောင်း Axios သတင်းဌာနက ဖော်ပြခဲ့ကြောင်း သိရသည်။

27 Jul

ADVERTISE HERE .