MSME လုပ်ငန်းများအတွက် ပုဂ္ဂလိကဘဏ် ၁၈ ဘဏ်မှချေးငွေများ ဆောင်ရွက်ပေးသွားမည်ဖြစ်
26 Jul
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က MSME လုပ်ငန်းများအတွက် ပုဂ္ဂလိကဘဏ် ၁၈ ဘဏ်က MSME ချေးငွေများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၅ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၅) တွင် လုပ်ငန်းရှင်များကို အသိပေးပြောကြားခဲ့ပါတယ်။ ဒါအပြင် အာမခံလုပ်ငန်းများအတွက် မူလသတ်မှတ်ချက်အဖြစ် မြန်မာငွေကျပ် သန်း ၂၀ ခွင့်ပြုထားရာမှ ယခုအခါ သန်း ၅၀ ချေးနိုင်ရန်အတွက် SOP ရေးဆွဲလျက်ရှိပြီး အာမခံကုမ္ပဏီများက ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ထုတ်ချေးပေးခြင်းဟာ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရန်အတွက် တစ်စိတ်တစ်ပိုင်းမှပါဝင်ပြီး လုပ်ငန်းရှင်များ၏ လုပ်ငန်းများ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်ရန် အတွက် ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များက နိုင်ငံ့ အကျိုးရှေးရှုလျက် ပူးပေါင်းပါဝင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဒစ်ဂျစ်တယ်ခေတ်ဖြစ်တာနဲ့အညီ အွန်လိုင်းမှ အရောင်းအဝယ်လုပ်ငန်းများလုပ်ကိုင်လျက် ရှိပြီး လုပ်ငန်းရှင်များအနေနဲ့ ထုတ်ကုန်အရည်အသွေးပြည့်မီသည့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်စေရန် ကူညီပေးသွားမည် ဖြစ်ပြီး ပြည်ပသို့ ပို့ကုန်များ ဈေးကွက်ချိတ်ဆက်ပေးပို့နိုင်ရေးကို အေဂျင်စီများမှ ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြည်ပသို့ တင်ပို့လိုသည့် လုပ်ငန်းရှင်များအနေနဲ့ စီပွားရေးသံမှူးများမှတစ်ဆင့် ချိတ်ဆက်ခြင်း၊ နိုင်ငံခြားကုမ္ပဏီများချိတ်ဆက်ခြင်း လုပ်ငန်းများလုပ်ကိုင်မှု အဆင်ပြေစေရန် ဒစ်ဂျစ်တယ် နည်းပညာကို ကျွမ်းကျင်စွာ တတ်မြောက်ရန် လိုအပ်ကြောင်းလည်း ပြောကြား ခဲ့ပါတယ်။ (NVS 004)