“ဗိုလ်ချုပ်မှူးကြီးက ထရမ့်ထံစာပို့အပြီး နှစ်ပတ်အကြာတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင်အချို့အပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်း”

25 Jul

အမေရိကန်ပြည်ထောင်စုက မြန်မာ့နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်အချို့အပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဇူလိုင်လ ၂၄ ရက်က ရုပ်သိမ်းလိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် သိရပါတယ်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ KT Services & Logistics တည်ထောင်သူ ဦးဂျွန်နသန်မျိုးကျော်သောင်း၊ MCM Group ပိုင်ရှင် ဦးအောင်လှိုင်ဦး၊ Suntac Technologies ပိုင်ရှင် ဦးစစ်တိုင်းအောင် နှင့် နောက်ထပ်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးတင်လတ်မင်း တို့ကို အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုစာရင်းကနေ ပယ်ဖျက် လိုက်တာ ဖြစ်ပါတယ်။ KT Services & Logistics နှင့် ဦးဂျွန်နသန်မျိုးကျော်သောင်း တို့ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလက ဘိုင်ဒင်အစိုးရလက်ထက်မှာ ပိတ်ဆို့အရေးယူမှုစာရင်းထဲကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ဦးစစ်တိုင်းအောင် နဲ့ ဦးအောင်လှိုင်ဦး တို့ကိုတော့ မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးကဏ္ဍမှာ စီးပွားရေးလုပ်ကိုင်နေတာကြောင့် ၂၀၂၂ ခုနှစ်မှာ ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဦးတင်လတ်မင်းကိုလည်း နစကနှင့် အလွန်နီးစပ်သူအဖြစ် သတ်မှတ်ပြီး ၂၀၂၄ ခုနှစ်၊ ပိတ်ဆို့ အရေးယူမှုစာရင်းထဲသို့ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံအပေါ် သွင်းကုန်ခွန်တိုးမြှင့်စည်းကြပ်မှုနဲ့ပတ်သက်ပြီး ဇူလိုင်လ ၇ ရက်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ အကြောင်းကြား စာ ပေးပို့ခဲ့ပါတယ်။ ဇူလိုင်လ ၉ ရက်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က သမ္မတ ဒေါ်နယ်ထရမ့် ထံသို့ ကုန်သွယ်ခွန်စည်းကြပ်မှုနဲ့ပတ်သက်လို့ ဖြေလျှော့ပေးနိုင်ရန် တောင်းဆိုခဲ့တဲ့ စာတစ်စောင်ပေးပို့ပြီး နှစ်ပတ်အကြာမှာ အခုလိုထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

25 Jul

ADVERTISE HERE .