“ဥရောပသမဂ္ဂနှင့် အမေရိကန်တို့အကြား ကုန်သွယ်ရေးသဘောတူညီချက်မချမှတ်နိုင်ပါက အမေရိကန်ပို့ကုန် များ အပေါ် အခွန် ၁၅ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံရန် ဥရောပသမဂ္ဂအဖွဲ့စီစဉ်”

25 Jul

ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ယခုနှစ် ဩဂုတ်လအတွင်း ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ချမှတ်နိုင်ခြင်းမရှိပါက အမေရိကန်မှတင်ပို့သည့်ပို့ကုန်များအပေါ် အခွန် ၁၅ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံ ရန် စီစဉ်ထားကြောင်းသိရသည်။ အမေရိကန်အစိုးရနှင့် ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို သတ်မှတ် ထားသည့် ကာလအတွင်း၌ ချမှတ်နိုင်ခြင်း မရှိပါက ဥရောပသမဂ္ဂနိုင်ငံများအနေဖြင့် ဒေါ်လာ ၁၀၉ ဘီလီယံ (ယူရို ၉၃ ဘီလီယံ) တန်ဖိုး ရှိ အမေရိကန်၏ပို့ကုန်များအပေါ် အခွန် ၁၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရန်စီစဉ်ထားသည်ဟု မီဒီယာများက ဖော်ပြသည်။ ဥရောပရှိ အမေရိကန်၏မဟာမိတ်နိုင်ငံများ၊ အထူးသဖြင့်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် အမေရိကန် ပြည်ထောင်စုနှင့်ကုန်သွယ်မှုပြုလုပ်ရာတွင် မျှတမှုမရှိသော အလေ့အကျင့်များကိုအသုံးချလျက်ရှိပြီး အမေရိကန်နှင့် ဆွေးနွေးနိုင်ရန်အတွက် အခွန်တိုးမြှင့်မည်ဟူသော ခြိမ်းခြောက်မှုများကို အချက်တစ်ခုအနေဖြင့် အသုံးပြုလျက် ရှိသည်ဟု အမေရိကန်အစိုးရက စွပ်စွဲထားသည်။ သို့သော် ဥရောပသမဂ္ဂအဖွဲ့အနေဖြင့် အခွန်တိုးမြှင့်ကောက်ခံမှု၊ ကုန်သွယ်ရေး သဘောတူညီချက်ချမှတ်နိုင်မှုတို့အတွက် ဆွေးနွေးရန်လုပ်ဆောင်နေခြင်းဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြား သဘောတူညီချက် ချမှတ်နိုင်ခြင်းမရှိပါက တုံ့ပြန်နိုင်ရေးအတွက်သာ စီစဉ်ထားခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့က တုံ့ပြန်ပြောကြားထားသည်။ အကယ်၍ ဥရောပသမဂ္ဂနှင့်အမေရိကန်တို့အကြား ကုန်သွယ်ရေး သဘောတူညီချက် ချမှတ်နိုင်ခြင်း မရှိပါက ဥရောပသမဂ္ဂ အဖွဲ့က အဆိုပြုထားသည့် အခွန်တိုးမြှင့်မှုသည် အမေရိကန်က တင်ပို့မည့် လေယာဉ်များ၊ မော်တော်ယာဉ်များ၊ အပျော်စီး သင်္ဘောများ၊ မော်တော်ယာဉ် အစိတ်အပိုင်းများနှင့် အပိုပစ္စည်းများ၊ ဖျော်ရည်၊ အသား၊ သံမဏိ၊ အလူမီနီယံတို့အပါအဝင် ကုန်ပစ္စည်းအများအပြားအပေါ် သက်ရောက်လာမည်ဖြစ်ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

25 Jul

ADVERTISE HERE .