“ပြည်ဝင်ခရီးသွားစစ်တမ်းနှင့် ပြည်တွင်းခရီးသွား စစ်တမ်းများ ကောက်ယူမည်”
25 Jul
ယခုနှစ်မှာ ဝန်ကြီးဌာနအစီအစဉ်ဖြင့် ပြည်ဝင်ခရီးသွားစစ်တမ်းနှင့် ပြည်တွင်းခရီးသွား စစ်တမ်းတို့ကို မြန်မာ နိုင်ငံတစ်ဝှမ်းရှိ မြို့ပေါင်း ၃၀ ကျော်တွင် ကောက်ယူသွားရန် စီစဉ်ထားရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း က ခရီးသွားစစ်တမ်းကောက်ယူမှုလုပ်ငန်းများ စတင်ခြင်း အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ အဆိုပါခရီးသွားစစ်တမ်းများမှတစ်ဆင့် ခရီးသွားများရဲ့လိုအပ်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များရေးဆွဲခြင်း၊ ခရီးသွားဆွဲဆောင်မှုပုံစံသစ်များဖော်ထုတ်ခြင်း၊ ကောင်းမွန်တဲ့ဝန်ဆောင်မှုများ ဖြည့်ဆည်း ဆောင်ရွက်ခြင်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာဈေးကွက်များ ရှာဖွေမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် စာရင်းအင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များမှာ အားလုံးဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။ အလားတူ ရင်းနှီးမြှုပ်နှံမှုများကို အထိရောက်ဆုံးဖြစ်စေရန် အချက်အလက်များကို ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေနဲ့ ဆက်စပ်ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပြည်သူများအကြား ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ စာရင်းအင်းကိန်းဂဏန်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အတွက် ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြည်ဝင်ခရီးသွားစစ်တမ်း၊ ပြည်တွင်း ခရီးသွားရှေ့ပြေးအကြိုလေ့လာမှုစစ်တမ်းနှင့် ပြည်ပထွက်ခွာ ခရီးသွား ရှေ့ပြေးအကြိုလေ့လာမှု စစ်တမ်းများကို ထုတ်ဝေခဲ့ပြီးဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးက စစ်တမ်းကောက်ယူမည့်ဝန်ထမ်းများအတွက် ထောက်ပံ့သွားမည့် ဝတ်စုံများကို ညွှန်ကြားရေးမှူးချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)