“တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်နိုင်ရေး စစ်တမ်းကောက်ယူမည်”
25 Jul
နိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်နိုင်ရေးအတွက် ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများကို လာမယ့်ဩဂုတ်လ ပထမအပတ်မှစတင်ကာ ကွင်းဆင်းသုတေသနပြု စစ်တမ်းကောက်ယူသွားမည် ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကနေ သိရပါတယ်။ အဆိုပါစစ်တမ်းဟာ တိုင်းရင်းသားဝတ်စုံများနှင့်ပတ်သက်၍ လွဲမှားမှုမရှိစေရန်၊ ဝတ်စုံများ၏ ဇစ်မြစ်များကို စိစစ်လေ့လာနိုင်ရန် စတဲ့ရည်ရွယ်ချက်များနဲ့ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ် ရေးကော်မတီမှ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကော်မတီအနေနဲ့ စစ်တမ်းကောက်ယူမှုကို ဆောင်ရွက်ရာမှာ တတ်သိနားလည်သောပညာရှင်များ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ သက်ဆိုင်ရာတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့အစည်းများ စသည်တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး အချို့သောတိုင်းရင်းသားများ၏ ခေတ်အဆက်ဆက်ဝတ်ဆင်ခဲ့ကြတဲ့ ဝတ်စုံများက ခေတ်အလိုက်ပြောင်းလဲမှုများရှိနေတဲ့အတွက် ပြောင်းလဲလာတဲ့ ရိုးရာဝတ်စုံများကို စာရင်းပြုစုသွားမည်ဖြစ်ကြောင်း၊ ဒါ့အပြင် ဝတ်စုံများကို စာသားနဲ့ ဖော်ပြခြင်းအပါအဝင် ဝတ်စုံအမျိုးအစားတစ်ခုချင်းစီအလိုက် အမျိုးသား၊ အမျိုးသမီး ဝတ်စားဆင်ယင်ပုံများ၊ ဝတ်ဆင်သည့် နည်းစနစ်အဆင့်ဆင့်များကို နောက်ခံအပြာရောင် ဓာတ်ပုံများ၊ ဗီဒီယိုအတိုများ ရိုက်ကူးပြီး သတ်မှတ်စံနှုန်းများနှင့်အညီပေးပို့မှာဖြစ်ကြောင်းလည်း သိရပါတယ်။ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုး များ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ (NVS 004)