ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင်အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွား၊ အရပ်သားများ သေဆုံးမှုရှိ

24 Jul

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်တွင် ယနေ့ ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက နှစ်နိုင်ငံ တပ်မတော်အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများရှိခဲ့ကြောင်း သတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။ ထိုင်းသတင်းများ၏ ဖော်ပြချက်အရ ကမ္ဘောဒီးယားနိုင်ငံဘက်က BM-21 ရော့ကတ်ဒုံးကျည်ဖြင့် စတင် ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံ စီဆာကက်ပြည်နယ်၊ ကန်တာလာခ်ခရိုင်ရှိ လူနေအိမ်များ၊ 7-Eleven၊ ဆီဆိုင်နှင့် ဆေးရုံသို့ ဒုံးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထိုင်းအရပ်သား သေဆုံးမှုများရှိခဲ့ပြီး ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း သိရသည်။ ထိုင်းဘက်မှ ဖြန့်ကြက်ထား F-16 တိုက်လေယာဉ် ၆ စင်းထဲမှ လေယာဉ် တစ်စင်းသည် ကမ္ဘောဒီးယားနိုင်ငံရှိ စစ်ရေးပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ကာ တုန့်ပြန်လိုက်ကြောင်း ပြောကြား ထားသည်။ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထိုင်း F-16 တိုက်လေယာဉ်တစ်စင်းသည် ယူနက်စကို ကမ္ဘာ့ အမွေအနှစ်နေရာဖြစ်သည့် ရှေးဟောင်းဘုရားကျောင်းအနီး လမ်းပေါ်တွင် ဗုံးနှစ်လုံးကြဲချခဲ့ကြောင်း အတည်ပြု ခဲ့သည်။ ရက်စက်ကြမ်းကြုတ်သော စစ်ရေးကျူးကျော်မှုဖြစ်ကြောင်း ရှုတ်ချခဲ့ပြီး ထိုင်းနိုင်ငံသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခဲ့ကြောင်း ကမ္ဘောဒီယားက စွပ်စွဲပြောဆိုခဲ့ကာ “ကမ္ဘောဒီးယားသည် တရားဥပဒေမဲ့ ခုခံကာကွယ်ပိုင်ခွင့်ကို လက်ဝယ်ရှိထားပြီး ထိုင်းနိုင်ငံ၏ ပြင်းထန်သော ရန်စမှုများကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ၎င်းတို့နှစ်နိုင်ငံ နယ်စပ်ရှိ တာမြူအမ်ထုမ် နယ်မြေပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး နှစ်ဘက်ကြားတင်းမာမှုများ မြင့်တက်လာပြီးနောက် အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားလာခြင်း ဖြစ်သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခြင်း ဖြစ်သဖြင့် အာဆီယံအသင်းက မည်သို့ ဝင်ရောက်ညှိနှိုင်းဖြေရှင်းပေးမည်ကို စောင့်ကြည့်ရမည် ဖြစ်ပါသည်။

24 Jul

ADVERTISE HERE .