“တင်းနစ်အားကစားမှ ယာယီအနားယူကြောင်းကြေညာခဲ့တဲ့ ဂျာဘာ”
24 Jul
ကျန်းမာရေးအခြေအနေကြောင့် တင်းနစ်အားကစားကနေ ခဏအနားယူမှာ ဖြစ်တဲ့အတွက် တင်းနစ်မယ် အွန်ဂျာဘာ ဟာ လာမယ့် ကနေဒါအိုးပင်းနဲ့ ယူအက်စ်အိုးပင်း ပြိုင်ပွဲတွေကို ဝင်ပြိုင်မှာမဟုတ်ဘူးလို့ WTA က ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရသလို စိန်ခေါ်မှုတွေများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် အခုချိန်မှာ စိတ်နဲ့ ခန္ဓာကိုယ်ကို ကောင်းကောင်းအနားပေးဖို့ လိုအပ်နေပြီဖြစ်တယ်လို့ ဂျာဘာ က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ဂျာဘာ ဟာ ကမ္ဘာ့အဆင့် (၂) နေရာအထိ တက်လှမ်းနိုင်ခဲ့ပေမယ့် နောက်ပိုင်းပြိုင်ပွဲတွေမှာ ရလဒ်ကောင်းရဖို့ကို ရုန်းကန်ခဲ့ရပြီး လက်ရှိမှာ ကမ္ဘာ့အဆင့် (၇၁) အထိ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဝင်ဘယ်ဒန် ပြိုင်ပွဲမှာ ဒုတိယဆုကို ၂ ကြိမ်ရရှိခဲ့တဲ့ ဂျာဘာ ဟာ အခုနှစ်ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ပထမအဆင့် ကနေပဲ ထွက်ခွာခဲ့ရပါတယ်။ ဝင်ဘယ်ဒန်ပထမအဆင့်ကနေ ထွက်ခဲ့ရပြီးနောက် ဂျာဘာက ပြိုင်ပွဲကနေ စောစော စီးစီးထွက်ခဲ့ရတဲ့အတွက် ဝမ်းနည်းရသလို အခုရာသီက ခက်ခဲတဲ့တင်းနစ်ရာသီ ဖြစ်ခဲ့ပါတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ လက်ရှိမှာ တင်းနစ်အားကစားကနေ ခဏအနားယူပြီး မိသားစုကို အချိန်ပေးဖို့ စဉ်းစားထားပါတယ်လို့ ဂျာဘာ က ဆက်လက်ပြောကြားသွားပါတယ်။ (NVS 008)