“နောင်ချိုမြို့သို့ပြန်လည်ဝင်ရောက်လာတဲ့ ဒေသခံများကို သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်များပြန်လုပ်ပေးနေ”
24 Jul
နောင်ချိုမြို့မှ နေအိမ်များကိုစွန့်ခွာ၍ ယာယီတိမ်းရှောင်နေရသည့် ဒေသခံများသည် တပ်မတော်မှ နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရပါတယ်။ ဒေသခံများယာယီတိမ်းရှောင်နေစဥ် ၎င်းတို့၏ သန်းခေါင်စာရင်းများ၊ မှတ်ပုံတင်များ ပျောက်ဆုံး/ပျက်စီးမှု ဖြစ်ပေါ်ခဲ့ရသူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နောင်ချိုမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ က ဇူလိုင်လ ၂၁ ရက်မှစ၍ နောင်ချိုမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရပါတယ်။ ဇူလိုင်လ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် နောင်ချိုမြို့သို့ ပြန်လည်ဝင်ရောက်လာသူများအနက် ဒေသခံ ၆၀ ဦးကို လိုအပ်သောစာရွက်စာတမ်းများနှင့် ကိုယ်ရေးအချက်အလက်များဖြည့်သွင်းကာ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်များ ကို ထုတ်ပေးခဲ့ပြီး ဆောင်ရွက်မှုကို စဉ်ဆက်မပြတ်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ နစကဒုတိယဥက္ကဋ္ဌရဲ့ နောင်ချိုမြို့ခရီးစဥ်မှာ ယခုနှစ်ဒီဇင်ဘာလအတွင်း ကျင်းပမယ့် လွတ်လပ်ပြီး တရား မျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာမှာ မဲပေးပိုင်ခွင့်ရှိတဲ့ မည်သူမဆို ပါဝင်မဲပေးခွင့် ရရှိရန်လိုအပ်တဲ့ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများကို အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးခဲ့ပါက သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဝန်ထမ်းများက အမြန်ဆုံးပြန်လည် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 004)