“မြစ်ကြီးနားမြို့နှင့် ကျောက်ချင့်မြို့တို့ ညီအစ်မမြို့တော်အဖြစ် ပူးပေါင်းဆောင်ရွက်မည်”
24 Jul
မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ်၊ ကျောက်ချင့်မြို့တို့ကြား ညီအစ်မမြို့တော်အဖြစ် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာလက်မှတ်(MoU) ရေးထိုး သွားမှာဖြစ်ပါတယ်။ အခုလိုလက်မှတ်ရေးထိုးနိုင်ရန် နားလည်မှုစာချွန်လွှာအကောင်အထည်ဖော်ရေးအတွက် စိစစ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ဇူလိုင်လ ၂၁ ရက်ကပြုလုပ်ခဲ့ပါတယ်။ ညီအစ်မမြို့တော်တည်ထောင်ပြီး မြို့အချင်းချင်းကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်ခြင်းမှ နှစ်နိုင်ငံချစ်ကြည်ရေးကို ပိုမိုတိုးတက်လာစေမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပူးပေါင်းဆောင်ရွက်လိုတဲ့ လုပ်ငန်းများအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့လာသည့် ညွှန်ကြားချက်များနှင့် ကျောက်ချင့်မြို့ နိုင်ငံခြားရေးရုံးက အဆိုပြုလာတဲ့စာများ၊ အပြန်အလှန် ကူးလူးသွားလာရေး နှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် နည်းလည်မှုစာချွန်လွှာ(မူကြမ်း)ပါ အချက်အလက်များနှင့်ပတ်သက်၍ စာချွန်လွှာ ပါ အချက်အလက်များ ဖြည့်စွက်/ပြုပြင်နိုင်ရေးကို သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။ နားလည်မှုစာချွန်လွှာ(မူကြမ်း)တွင် နှစ်ဖက်တန်းတူညီမျှမှု၊ အပြန်အလှန်ယုံကြည်မှုနှင့် တူညီသောအကျိုး ရရှိမှုများကို အခြေခံ၍ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်တည်ဆောက်ရာတွင် နှစ်ဦးနှစ်ဖက် အလေးထားသော ကဏ္ဍများအပေါ် ပူးပေါင်းဆောင်ရွက်ရေးနှင့်ဖလှယ်ရေးတို့အတွက် အခွင့်အလမ်းများ ရှာဖွေရန်နှင့် နှစ်ပေါင်းရှည်ကြာစွာ ချစ်ကြည်ရင်းနှီးမှုခိုင်မြဲစေရန် အတူတကွကြိုးပမ်း ဆောင်ရွက်နိုင်ရေး ရည်ရွယ်ပြီး စီးပွား ရေး၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ အားကစားနှင့် ကျန်းမာရေးနယ်ပယ်ကဏ္ဍများတွင် ညှိနှိုင်းသဘောတူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရန်တို့ပါဝင်ပါတယ်။ (NVS 004)