အမေရိကန်နှင့် ဖိလစ်ပိုင် ကုန်သွယ်ရေးသဘောတူညီချက်ရရှိကြောင်း ထရမ့် ကြေညာ
23 Jul
အမေရိကန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိနေသော ဖိလစ်ပိုင်သမ္မတ မားကို့စ် နှင့် ကုန်သွယ်ရေး သဘောတူညီချက်ရရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဇူလိုင်လ ၂၂ ရက်တွင် ဆိုရှယ်မီဒီယာ၌ ရေးသားဖော်ပြ၍ ကြေညာခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်အပေါ် ဈေးကွက်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး စည်းကြပ်ခွန် ကင်းလွတ်ခွင့် ပေးမည်ဖြစ်ကြောင်း၊ အမေရိကန်ဘက်မှမူ ဖိလစ်ပိုင်မှတင်သွင်းသည့် ကုန်ပစ္စည်းများအား စည်းကြပ်ခွန် ၁၉ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း ထရမ့် က ဆိုခဲ့သည်။ ထရမ့် သည် အဆိုပါနေ့ နံနက်ပိုင်းတွင် အိမ်ဖြူတော်၌ ဖိလစ်ပိုင်သမ္မတ မားကို့စ် နှင့် နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ သတင်းထုတ်ပြန်ချိန်အထိ အိမ်ဖြူတော်က အဆိုပါကုန်သွယ်ရေး သဘောတူညီချက်၏ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိသေးပေ။ ထရမ့် သည် ဇူလိုင်လ ၉ ရက်တွင် မားကို့စ် ထံသို့ စာပေးပို့ခဲ့ပြီး ဩဂုတ်လ ၁ ရက်မှစ၍ ဖိလစ်ပိုင်နိုင်ငံမှ အမေရိကန်သို့တင်သွင်းသော ကုန်ပစ္စည်းစည်းကြပ်ခွန်များကို ဧပြီလဆန်းတွင် ကြေညာခဲ့သော ၁၇ ရာခိုင်နှုန်းကို ၂၀ ရာခိုင်နှုန်းအထိ မြှင့်တင်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။