သက်ဆိုင်ရာနယ်ပယ် အသီးသီးနှင့်အတူ ရပ်ဝန်းနှင့်ပိုးလမ်းမအား အရည်အသွေးမြှင့်ကာ ဆက်လက်၍ အတူတကွတည်ဆောက်ခြင်းကို နက်ရှိုင်းခိုင်မြဲလာစေရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

23 Jul

ရပ်ဝန်းနှင့်ပိုးလမ်းမ အတူတကွတည်ဆောက်ခြင်းသည် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်သည့် အဆင့် သစ်သို့ ရောက်ရှိပြီကြောင်း၊ တရုတ်နိုင်ငံသည် သက်ဆိုင်ရာနယ်ပယ် အသီးသီးနှင့်အတူ ရပ်ဝန်းနှင့်ပိုးလမ်းမအား အရည်အသွေးမြှင့်တင်ကာ ဆက်လက်၍ အတူတကွတည်ဆောက်ခြင်းကို နက်ရှိုင်းခိုင်မြဲလာစေရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်း က ဇူလိုင်လ ၂၂ ရက်က ပြောကြားခဲ့သည်။ ယခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်အောက်ရှိ စီမံကိန်း တန်ဖိုးပမာဏသည် ၂၀၂၄ ခုနှစ် တစ်နှစ်ပတ်လုံး၏ စီမံကိန်းစုစုပေါင်းတန်ဖိုးထက် ကျော်လွန်ခဲ့ရာ နှစ်ဝက် စီမံကိန်းစုစုပေါင်းတန်ဖိုး၏ အမြင့်ဆုံးစံချိန်တင်ခဲ့သည်ဟု မကြာသေးမီရက်ကထုတ်ပြန်သော အစီရင်ခံစာ တစ်ခုတွင် ဖော်ပြထားကြောင်း၊ တရုတ်နိုင်ငံသည် ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်မှတစ်ဆင့် အတူတကွ တည်ဆောက်သောနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေသည့်လုပ်ဆောင်ချက်နှင့် အမေရိကန်က ကုန်သွယ်ရေးမိတ်ဖက်များအပေါ် တန်ဖိုးမြင့်စည်းကြပ်ခွန်များ ကောက်ခံခြင်းသည် ထင်ရှားသောကွာခြားမှုကို ဖြစ်ပေါ်စေပြီး နိုင်ငံအများအပြားသည် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုကို တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအား နက်ရှိုင်းစေသည့် အခွင့်အရေးအဖြစ်ရှုမြင်ကြသည်ဟု မီဒီယာများနှင့် ပညာရှင်များက သုံးသပ် ပြောကြားခဲ့ကြောင်း၊ ပြောရေးဆိုခွင့်ရှိသူအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်က ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းခဲ့ခြင်းဖြစ်သည်။ ရပ်ဝန်းနှင့်ပိုးလမ်းမ အတူတကွတည်ဆောက်ခြင်းသည် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်သည့် အဆင့်သစ်ကို ရောက်ရှိနေပါပြီဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ ယူရေးရှားကုန်းမြေမှ အာဖရိက၊ လက်တင်အမေရိကအထိ၊ အခြေခံအဆောက်အအုံဆိုင်ရာ ချိတ်ဆက်မှုများ (hard connectivity)မှ မူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ စံချိန်စံညွှန်းဆိုင်ရာ ချိတ်ဆက်မှုများ (soft connectivity)၊ စိတ်နှလုံးသားချင်း ချိတ်ဆက်မှုအထိ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှုရလဒ်များသည် နိုင်ငံပေါင်း ၁၅၀ ကျော်ရှိ ပြည်သူများအား အကျိုးပြုလျက်ရှိကြောင်း၊ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထား၏ ခရီးသည်ပို့ဆောင်မှုပမာဏမှာ အကြိမ်ရေ ဆယ်သန်းကျော်ရှိပြီး တရုတ်-ဥရောပရထားလိုင်း စုစုပေါင်း ၁၁၀,၀၀၀ စင်းကျော် ပြေးဆွဲခဲ့ကြောင်း၊ ချန်ကေး(Chancay)-ရှန်ဟိုင်း တရုတ်-လက်တင်အမေရိက ကုန်းလမ်း-ပင်လယ်ရေ လမ်းကြောင်းသစ်သည် နှစ်လမ်းသွားချိတ်ဆက်မှုကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး တရုတ်-အာဖရိက ပူးပေါင်း ဆောက်လုပ်ထားသည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၏ တပ်ဆင်နိုင်စွမ်းသည် ၁.၅ (GW) မဂ္ဂဝပ်ရှိကြောင်း၊ လူပန်းအလုပ်ရုံ၊ မှိုမြက်နည်းပညာစသည့် သေးငယ်သော်လည်း အကျိုးရှိသည့် စီမံကိန်း များသည် အိမ်ထောင်စု၊ မိသားစုပေါင်း ထောင်သောင်းချီ၍ ချမ်းသာကြွယ်ဝမှုလမ်းကြောင်းပေါ်သို့ ရောက်ရှိ စေရန် ကူညီပေးခဲ့ကြောင်း၊ ဆယ်နှစ်ကျော်ကြာ ဖွံ့ဖြိုးတိုးတက်ပြီးနောက် ရပ်ဝန်းနှင့်ပိုးလမ်းမ အတူတကွ တည်ဆောက်ခြင်းသည် အပြန်အလှန်ချိတ်ဆက်မှုကို အခြေခံသောမြှင့်တင်မှုတွင် ကုန်သွယ်ရေးနှင့်စက်မှု လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းအဖြစ် တိုးချဲ့ဖြစ်ပေါ်လာရာ ပိုမိုများပြားသော နိုင်ငံများအား နိုင်ငံတကာစက်မှုလုပ်ငန်းကွင်းဆက်တွင် ပေါင်းစည်းကာ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်၏ တည်ငြိမ်မှုနှင့် ခံနိုင်ရည်အားကို အတူတကွထိန်းသိမ်းရန် ကူညီပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ရပ်ဝန်းနှင့် ပိုးလမ်းမ အတူတကွတည်ဆောက်ခြင်းသည် အတူတိုင်ပင်ဆွေးနွေးမှု၊ အတူတည်ဆောက်မှု၊ အတူမျှဝေခံစားမှု၊ တံခါးဖွင့်လှစ်မှု၊ အစိမ်းရောင်၊ သန့်စင်မှု၊ မြင့်မားသောစံနှုန်းများဖြင့် ပြည်သူ့ဘဝ အကျိုး ပြုသော၊ ရေရှည်တည်တံ့သော ပူးပေါင်းဆောင်ရွက်မှုအခြေခံမူများကို အခိုင်အမာထိန်းသိမ်းလျက် နိုင်ငံအသီးသီး ခေတ်မီအသွင်ပြောင်းရေး အတူတကွအကောင်အထည်ဖော်မှုကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ဘက်အသီးသီးနှင့်အတူ ဆက်လက်၍ ရပ်ဝန်းနှင့်ပိုးလမ်းမ အရည်အသွေးမြင့် အတူတကွ တည်ဆောက်ခြင်းကို နက်ရှိုင်းခိုင်မြဲလာစေရန်၊ ဖွံ့ဖြိုးတိုးတက်မှု အတူတကွမြှင့်တင်ရန်၊ ဘုံအကျိုးဖြစ်ထွန်းသော အနာဂတ် အတူတကွဖန်တီးရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ကောကျားခွန်း က ပြောကြားခဲ့သည်။

23 Jul

ADVERTISE HERE .