ဆင်တုပ်ကွေးရောဂါ အများအပြားဖြစ်ပွားလာမှုကို ကာကွယ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပညာရှင် သတိပေး
23 Jul
ကူးစက်ရောဂါ ပမာဏအများအပြား ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလာမှုကို ရှောင်ကြဉ်နိုင်ရေးအတွက် နိုင်ငံအသီးသီးအနေဖြင့် ကောင်းမွန်စွာကြိုတင်ပြင်ဆင်ထားရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ပညာရှင်က ခြင်မှ တစ်ဆင့်ကူးစက်သည့် ဆင်တုပ်ကွေးရောဂါ(Chikungunya)နှင့်စပ်လျဉ်း၍ ဇူလိုင်လ ၂၂ ရက်တွင် သတိပေး ပြောကြားခဲ့သည်။ လက်ရှိတွင် နိုင်ငံနှင့်ဒေသပေါင်း ၁၁၉ ခု၌ ဆင်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအခြေအနေကို တွေ့ရှိ ရကြောင်း၊ လူပေါင်း ၅.၅ သန်းခန့်သည် ဤကဲ့သို့ ခြင်မှတစ်ဆင့် ကူးစက်တတ်သည့် ဗိုင်းရပ်စ်၏အန္တရာယ်ကို ရင်ဆိုင်နေရပြီး ကူးစက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာနိုင်ကာ ကျန်းမာရေးစနစ်ကို ဖိအားဖြစ်စေနိုင်ကြောင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ကျင်းပသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ခြင်မှတစ်ဆင့်ကူးစက်တတ်သော ဗိုင်းရပ်စ် ဆိုင်ရာအဖွဲ့တာဝန်ခံ Diana Rojas Alvarez က ပြောကြားခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်က ဆင်တုပ်ကွေးကူးစက်ရောဂါသည် အိန္ဒိယသမုဒ္ဒရာဒေသတွင် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၅ သိန်းခန့်ကို သက်ရောက်မှုရှိခဲ့သည်။ ကူးစက်သူများတွင် အများအားဖြင့် ကိုယ်အပူချိန်မြင့်မားခြင်း၊ အရိုးအဆစ်ကိုက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စသည့် ရုတ်ခြည်း လက္ခဏာများ ဖြစ်ပေါ်တတ်ပြီး သေဆုံးနိုင်မှုအခြေအနေ အလွန်နည်းပါးကြောင်း Diana Rojas Alvarez ၏ မိတ်ဆက်ပြောကြားချက်များအရ သိရသည်။ ယခုနှစ်မှစ၍ အိန္ဒိယသမုဒ္ဒရာရှိ ပြင်သစ်နယ်မြေဖြစ်သော Runion ကျွန်းတွင် လူဦးရေသုံးပုံတစ်ပုံခန့်က ဆင်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခဲ့ကြောင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်စသည့် အရှေ့တောင်အာရှနိုင်ငံများ တွင်လည်း ဆင်တုပ်ကွေးဗိုင်းရပ်စ် ပြန့်ပွားနေမှုကိုတွေ့ရှိရကြောင်း၊ ထို့အပြင် ပြင်သစ်၊ အီတလီ စသည့် ဥရောပ နိုင်ငံများကလည်း မကြာသေးမီရက်ပိုင်းက ကူးစက်သူများ ဝင်ရောက်မှုရှိခဲ့ကြောင်းနှင့် ဒေသတွင်းကူးစက်သူများ တွေ့ရှိမှုများကို အစီရင်ခံခဲ့ကြောင်း Diana Rojas Alvarez က ဆိုသည်။ ဆင်တုပ်ကွေးဗိုင်းရပ်စ်ပိုးကို သယ်ဆောင်သည့်ခြင်များသည် အပူပိုင်းဒေသနိုင်ငံအများအပြားတွင် ပေါက်ဖွားလေ့ရှိကြကြောင်း Diana Rojas Alvarez က ပြောကြားခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် အဖွဲ့ဝင်နိုင်ငံများကို ဓာတ်ခွဲခန်းရောဂါရှာဖွေရေးနည်းလမ်းများ သုတေသနပြုလုပ်ဆောင်ရန်၊ လူပုဂ္ဂိုလ်များအား မွမ်းမံသင်တန်းပေးရန်၊ ဆေးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို အားဖြည့်ရန်၊ ဆင်တုပ်ကွေး ကူးစက်မှုအခြေအနေကို ခြေရာခံရန်နှင့် ထိန်းချုပ်ရန်အတွက် စစ်ဆေးစမ်းသပ်သည့် အတိုင်းအတာကို တိုးချဲ့ရန် အားပေးဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။