“စီးပွားရေးစင်္ကြံစီမံကိန်းအရ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်မည်ဟု တရုတ်ပြောကြား”

23 Jul

တရုတ်နိုင်ငံသည် စီးပွားရေးစင်္ကြံစီမံကိန်းအရ နိုင်ငံစုံဘုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ကာ သာတူညီမျှရှိသည့်အနာဂတ်ကို ဖော်ဆောင်မည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂါအိုဂျီကန်က ဇူလိုင်လ ၂၂ ရက်တွင် ပြောကြားသည်။ စီးပွားရေးစင်္ကြံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ယခုအချိန်တွင် ဖွံ့ဖြိုးတိုးတက်မှုအဆင့်သစ်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကာ ယူရေးရှား မှ အာဖရိကနှင့်လက်တင်အမေရိကဒေသများအထိ ရုပ်ပိုင်းဆိုင်ရာချိတ်ဆက်မှုအပြင် အဖွဲ့အစည်းဆိုင်ရာ ဆက်သွယ်မှုနှင့် ဒေသခံအချင်းချင်းချိတ်ဆက်မှုများဆောင်ရွက်ခဲ့ကာ ပူးပေါင်းဆောင်ရွက်မှု၏အသီးအပွင့်များ သည် နိုင်ငံပေါင်း ၁၅၀ ကျော်မှနိုင်ငံသားများအတွက်အကျိုးပြုခဲ့ကြောင်း ဂါအိုဂျီကန်ကပြောကြားသည်။ စီးပွားရေးစင်္ကြံစီမံကိန်းအရ ဂျကာတာ ဘန်ဒေါင်းမြန်နှုန်းမြင့်ရထားလမ်း၊ တရုတ်-ဥရောပ ကုန်ရထား ပြေးဆွဲမှုနှင့် အာဖရိကဒေသတွင် ဆိုလာစွမ်းအင်လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ထောင်ခဲ့ခြင်းမှာ အောင်မြင်မှုများဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုသည် ကုန်သွယ်မှုနှင့်စက်မှုပူးပေါင်းဆောင်ရွက်မှုအတွက် စင်္ကြံတစ်ခုအဖြစ်ချဲ့ထွင်လာကာ နိုင်ငံတကာစက်မှု ကွင်းဆက် ကို ပေါင်းစည်းပေးပြီး ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်၏ တည်ငြိမ်မှုနှင့်ခံနိုင်ရည်အားကို အကာအကွယ် ပေးရန် အတွက် နိုင်ငံများကို ကူညီထောက်ပံ့ပေးကြောင်း ၎င်းကပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက် အရ သိရသည်။

23 Jul

ADVERTISE HERE .