“ဘောက်ချာမှာပါရှိသော ရွှေပါဝင်မူနှုန်းနှင့် ရွှေအရည်အသွေးပြည့်စုံမူရှိမရှိ XRF machine X.ray ဖန်ချောင်း စက်ဖြင့် မကြာခင်စစ်ဆေးပေးမည်”
23 Jul
သတ်မှတ်ကာလအတွင်း ရွှေဆိုင်များမှ ဝယ်ယူထားသော မည်သည့်ရွှေထည်ပစ္စည်းမဆို ဘောက်ချာတွင် ပါဝင်သော ရွှေအမျိုးအစားအရ ရွှေပါဝင်မှုနှုန်းနှင့် ရွှေအရည်အသွေး ပြည့်မီရမည်ဖြစ်ပြီး ယင်းသို့ ပြည့်စုံမှုရှိမရှိကို XRF machine(X.ray) ဖန်ချောင်းစက်ဖြင့် မကြာမီစစ်ဆေးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းချုပ် (FMGEA)က အသိပေးထုတ်ပြန်ထားပါတယ်။ ရွှေအရည်အသွေး စံချိန်စံညွှန်းအရ ၁၅ ပဲရည်က ၁၅ ပဲရည်ဖြစ်နေရမှာဖြစ်သလို ဒုံးထည်ကလည်း ဘောက်ချာပါဒုံးထည်အတွက် ၁၁ ပဲရည် သတ်မှတ်ရွှေရည်ပြည့် အာမခံရမည်ဖြစ်ပြီး ပလပ်တီနမ်၏ ရာခိုင်နှုန်းသည် လည်း ပလပ်တီနမ်၏ ရာခိုင်နှုန်းပြည့် ဖြစ်ရမည်ဖြစ်ကြောင်းနှင့် White gold ရာခိုင်နှုန်းက white gold ရာခိုင်နှုန်းပြည့် ဖြစ်ရမယ် အသိပေးထားပါတယ်။ အခုလိုအရည်အသွေးများကို စစ်ဆေးပြီးနောက်မှာ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်မှ အရည်အသွေး ထောက်ခံချက် ထုတ်ပေးမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသလို အခုလိုစစ်ဆေးရန်အတွက် ရွှေဆိုင် ဘောက်ချာက စတင်စစ်ဆေးတဲ့အချိန်နှင့် ကိုက်ညီရမှာဖြစ်ပြီး စတင်စစ်ဆေးတဲ့ အချိန်ကာလမတိုင်ခင်ဝယ်ယူ ထားရှိသော ဘောက်ချာအဟောင်းများ၏ ရွှေထည်ပစ္စည်းများအား စစ်ဆေးပေးမည် မဟုတ်ကြောင်းလည်း အသိပေးထားပါတယ်။ အဆိုပါအစီအစဉ်ကို များမကြာမီ စတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ရွှေချစ်သူများ မနစ်နာ စေရေးအတွက် စားသုံးသူကာကွယ်ရေးအဖွဲ့နှင့်ပူးပေါင်းကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း FMGEA ၏ ထုတ်ပြန်မှုအရ သိရပါတယ်။ (NVS 004)