“ယခုနှစ်ဇွန်လကုန်အထိ မြေဩဇာတန်ချိန် ၄၃၈,၇၀၅ ဒသမ ၇၀ တန်နှင့် ပိုးသတ်ဆေးတန်ချိန် ၉,၈၄၀ ဒသမ ၅၀၅ တန် တင်သွင်းထား”
23 Jul
အကောက်ခွန်ဦးစီးဌာန၏ စာရင်းများအရ ၂၀၂၅ ခုနှစ် ဇွန်လကုန်အထိ မြေဩဇာတန်ချိန် ၄၃၈,၇၀၅ ဒသမ ၇၀ တန်နှင့် ပိုးသတ်ဆေးတန်ချိန် ၉,၈၄၀ ဒသမ ၅၀၅ တန် တင်သွင်းထားကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ ဦးလှမိုး က ပြောကြားခဲ့ပါတယ်။ အဆိုပါယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေနဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွက် ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်းနှင့် ပိုးသတ်ဆေးတန်ချိန် ၃၂,၀၀၀ တင်သွင်းနိုင်ရေး လျာထားခဲ့ပြီး ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွက် မြေဩဇာတန်ချိန် ၉၃၉,၆၆၂ ဒသမ ၄၃ တန်နှင့် ပိုးသတ်ဆေးတန်ချိန် ၁၉,၅၁၅ ဒသမ ၇၆ တန်ကို ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်ရရှိနိုင်ရေး ထောက်ခံပေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သွင်းကုန်လိုင်စင်ရရှိရေး စိစစ်ဆောင်ရွက် ပေးလျက်ရှိတာကြောင့် မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းအနေနဲ့ ဒေသများရဲ့ လိုအပ်ချက်များကို ဖြန့်ဖြူးနိုင်ရေးကြိုတင်စီစဉ်ထားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဇူလိုင်လ ၂၁ ရက်မှာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တဲ့ ယူရီးယားမြေဩဇာဝယ်ယူ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးတွင် မှာကြားခဲ့ပါတယ်။ ကုမ္ပဏီများအနေနဲ့ ဓာတ်မြေဩဇာ ပိုးသတ်ဆေးအမှတ်တံဆိပ်အလိုက်၊ ကုမ္ပဏီအလိုက်အရည်အသွေး၊ ဈေးနှုန်းတို့အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုပေးရန်လိုအပ်တဲ့အပြင် ပြည်တွင်းသုံးစွဲသူတောင်သူများအတွက် သင့်တင့် မျှတသော ဈေးနှုန်းဖြစ်စေရေး စီစဉ်ဆောင်ရွက်ရန်နှင့် ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းကြီးကြပ်ဆောင်ရွက် ပေးကြရန် ပြောကြားခဲ့ပါတယ်။ မြေဩဇာအသင်းအနေနဲ့ အသင်းဝင်ကုမ္ပဏီများကို အသင်းကချမှတ်ထားသော “မူ” များ၊ ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရန်နှင့် မလိုက်နာတဲ့ကုမ္ပဏီများကို စိစစ်တင်ပြရန် မှာကြားခဲ့သလို မှန်မှန်ကန်ကန်ဆောင်ရွက်နေသော ကုမ္ပဏီများအတွက် နစ်နာမှုမရှိစေရေး သေချာစိစစ်ဆောင်ရွက် ရန်နှင့် ကုမ္ပဏီများအနေနဲ့ သတ်မှတ်မူများအတိုင်း လိုက်နာဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့ပါတယ်။ (NVS 004)