“၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်မည်”
23 Jul
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇူလိုင်လ ၂၇ ရက်မှာ ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။ အောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများမှာ တစ်ချိန်တည်း ကပ်ထားမည် ဖြစ်သလို အောင်စာရင်းထုတ်ပြန်မည့် ဇူလိုင်လ ၂၇ ရက်၊ နံနက် ၄ နာရီမှာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website ဖြစ်သော www.myanmarexam.org မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ်ကောင်းစွာမရရှိတဲ့ စာစစ်ဌာနများရဲ့ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း အောင်စာရင်းထွက်သည့်နေ့မှာ ကြေညာပေးသွားမည်ဖြစ်ပါတယ်။ အဆိုပါ အောင်စာရင်းကြည့်ရှုရန် လာရောက်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်ခြင်းနဲ့ ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန် ပညာရေးဝန်ကြီးဌာနက ပန်ကြားထားပါတယ်။ အလားတူ အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် ၀၁-၆၅၃၅၀၉ သို့ အောင်စာရင်းထုတ်ပြန် ကြေညာမည့် ဇူလိုင်လ ၂၇ရက်မှာ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)