“လူနေမှုစရိတ်ကြီးမြင့်လာခြင်းကြောင့် ဗြိတိန်ပြည်သူများ၏တစ်ပတ်နွမ်းကုန်ပစ္စည်းအသုံးပြုမှုမှာ ၂၀၂၅ ခုနှစ် တွင် စတာလင်ပေါင် ၄ ဒသမ ၈ ဘီလီယံအထိရောက်ရှိလာနိုင်”

22 Jul

ဗြိတိန်နိုင်ငံတွင် လူနေမှုစရိတ်ကြီးမြင့်လာခြင်းကြောင့် နိုင်ငံအတွင်းရှိပြည်သူများသည် အသုံးစရိတ် ချွေတာသည့်အနေဖြင့် အသုံးပြုပြီးတစ်ပတ်နွမ်းပစ္စည်းများကို တိုးမြှင့်ဝယ်ယူအသုံးပြုလာခဲ့ရာ ထိုသို့ ဝယ်ယူ အသုံးပြုမှုတန်ဖိုးသည် ၂၀၂၅ ခုနှစ်တွင် စတာလင်ပေါင် ၄ ဒသမ ၈ ဘီလီယံ (ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံခန့်) အထိရောက်ရှိလာနိုင်ကြောင်း Amazon.com မှထုတ်ပြန်သည့်အချက်အလက်များ တွင်ဖော်ပြထားသည်။ ဗြိတိန် ပြည်သူများသည် မြင့်တက်လာသည့် လူနေမှုစရိတ်နှင့်ကာမိစေရန်အတွက် တန်ဖိုးကြီးမားပြီး ပတ်ဝန်းကျင် ထိခိုက်မှုရှိစေသည့် ကုန်ပစ္စည်းများအစား အသုံးပြုပြီး တစ်ပတ်နွမ်းပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူ အသုံးပြုလာခဲ့ခြင်း ဖြစ်သည်။ ဗြိတိန်ပြည်သူများ၏ တစ်ပတ်နွမ်းပစ္စည်းဝယ်ယူအသုံးပြုမှုသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် တန်ဖိုးအားဖြင့် စတာလင်ပေါင် ၄ ဒသမ ၃ ဘီလီယံရှိခဲ့သည် ဟု Amazon.com မှတင်သွင်းသည့် စီးပွားရေးနှင့်စီးပွားရေးလုပ်ငန်းဆိုင်ရာသုတေသန စင်တာအစီရင်ခံစာတွင်ဖော်ပြထားသည်။ ဗြိတိန်နိုင်ငံတွင် တစ်ပတ်နွမ်းကုန်ပစ္စည်းဈေးကွက်သည် ဆက်လက်မြင့်တက်လာမည့် အလားအလာ ရှိ သောကြောင့် ဥရောပ၏ အကြီးဆုံးသော တစ်ပတ်နွမ်းကုန်ပစ္စည်းရောင်းချရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Vinted အနေဖြင့် ၎င်းတို့၏ကုန်ပစ္စည်းများအတွက် ဈေးကွက်ကို တိုးချဲ့လျက် ရှိသည်။ Vinted ကုမ္ပဏီသည် ယခင်က အဝတ်အစားများကိုသာ အဓိကထားရောင်းချခဲ့သော်လည်း ယခုအခါ ကလေးကစားစရာအရုပ်များ၊ တယ်လီဖုန်း များ၊ ဂိမ်းများအပြင် တန်ဖိုးကြီးလက်ပတ်နာရီများကိုပါ ထည့်သွင်းရောင်းချလျက်ရှိကြောင်း ၎င်းကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် သောမတ်စ်ပလန်တင်ဂါ က ပြောကြားထားသည်ဟု Straight Time သတင်းဌာန ဖော်ပြ ချက်အရ သိရသည်။

22 Jul

ADVERTISE HERE .