“နှစ်ပတ်ဆက်တိုက် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူမရှိ”
22 Jul
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC)၏ ဇူလိုင်လ ၂၁ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ ယခုတစ်ပတ်မှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ်မတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်ည ၈ နာရီမှဇူလိုင်လ ၂၀ ရက်ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ ၆၅၇ ခုကို စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ်မတွေ့ရှိခဲ့တဲ့အပြင် ပြင်းထန်လူနာ၊ အထူးကြပ်မတ် ကုသမှုပေးရသော လူနာနှင့် ကိုဗစ်-၁၉ရောဂါဖြင့် သေဆုံးလူနာမရှိခဲ့ကြောင်း သိရပါတယ်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက် ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ(အသက် ၆၀ နှစ်နှင့်အထက်)၊ ဆီးချိုရောဂါ၊ နာတာရှည် အဆုတ် ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ(ကိုယ်ဝန်ဆောင်ကာလ ၃ လနှင့်အထက်) ကို ဦးစားပေး အစီအစဉ်အဖြင့် ကိုဗစ်-၁၉ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးလျက်ရှိ၍ ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် အသိပေးနှိုးဆော်ထားပါတယ်။ ထို့အတူ လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် တစ်ကိုယ်ရေကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်သည်ဟုလည်း အသိပေးနှိုးဆော်ထားပါတယ်။ (NVS-004)