“ပင်လယ်စက်လှေများ ရာသီဥတုဆိုးရွာလာပါက အနီးဆုံးနားခိုနိုင်ရန်နေရာများ သတ်မှတ်ပေးထား”

22 Jul

ပင်လယ်ပြင်အတွင်း ကမ်းနီး/ကမ်းဝေး ငါးဖမ်းနေတဲ့ ရေယာဉ်များအနေဖြင့် မုတ်သုံရာသီအတွင်း ရာသီဥတု ဆိုးရွားမှုနှင့်ကြုံတွေ့ရပါက အနီးဆုံး နားခိုနိုင်ရန် နေရာများကို လမ်းညွှန်သတ်မှတ်ပေးထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ ငါးဖမ်းရာသီစတင်သည့် ယခုဇူလိုင်လ ၁ ရက်မှစတင်၍ ရန်ကုန်မြို့ရှိ ငါးဖမ်းစက်လှေ ၃၀၀ နီးပါး ပင်လယ်ပြင် ထွက်ရှိနေကြောင်း၊ ကျန်ငါးဖမ်းစက်လှေများအနေဖြင့်လည်း ပင်လယ်ပြင်ရာသီဥတုအခြေအနေကို စောင့်ကြည့် နေခြင်းဖြစ်ကြောင်း၊ ယခုလအတွင်း ပင်လယ်ပြင်တွင် လှိုင်းရှိနေပြီး ပင်လယ်ထွက်စက်လှေများအနေနဲ့ ရာသီဥတု ဆိုးရွားလာပါက အနီးဆုံးကျွန်းများမှာ ရပ်နားနိုင်ရန်ဌာနအနေနဲ့ နှစ်စဉ်သတ်မှတ်နေရာများကို ထုတ်ပြန်ပေးထား ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါသတ်မှတ်နေရာတွေကို ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်း၊ ငါးချ ဆိပ်ကမ်းနှင့် ရေယာဉ်ပိုင်ရှင်များထံသို့ ကြိုတင်အသိပေးအကြောင်းကြားပါတယ်။ ရေယာဉ်များနှင့် ရေလုပ်သားများ အန္တရာယ်ကင်းလုံခြုံစွာ ကျွန်းခိုရပ်နားနိုင်ရန် သတ်မှတ်နေရာတွေကတော့ ရခိုင်ပြည်နယ်၌ မင်းဂံချောင်းအတွင်း ပေါက်တောမြို့နယ် ဖရုံဂါကျွန်း၊ ကျောက်ဖြူမြို့နယ် ငလပွေ့ချောင်း၊ သံတွဲမြို့နယ် ဆင်ခေါင်းဆိပ်ကမ်းနှင့် သဗြုချိုင် (ANDREW BAY)၊ တောင်ကုတ်မြို့နယ်သင်္ဘောဆိပ်၊ ဂွမြို့နယ် တင်တောကျေးရွာအုပ်စု အမော်ချိုင်၊ ဧရာဝတီ တိုင်းဒေသကြီး၊ပြင်ခရိုင်၊ချောင်းဝကျေးရွာ၊ ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာ၊ မွန်ပြည်နယ်၊ရေးမြို့နယ်၊ ဝါးကျွန်း၊ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ် လောင်းလုံဘုတ်ကျွန်းနှင့် မြိတ်မြို့နယ် တနင်္သာရီကျွန်း၊ ကျွန်းစုမြို့နယ် ပြင်စဘုကျွန်းတို့ဖြစ်ပါတယ်။ ရာသီဥတုခိုလှုံမှုကို အကြောင်းပြု၍ ကမ်းဝေးရေးယာဉ်များအနေ ကမ်းနီးဒေသများ အတွင်း ငါး/ပုစွန်ဖမ်းဆီးခဲ့ပါက ထိရောက်စွာအရေးယူမှုကိုခံရမယ်လို့ သတိပေးထားပါတယ်။ (NVS-004)

22 Jul

ADVERTISE HERE .