“ရုပ်ရှင်မြို့တော်စီမံကိန်းအား အနုပညာကိုအခြေခံတဲ့လုပ်ငန်းများကိုသာ ဦးစားပေးဆောင်ရွက်ရမည်”
22 Jul
ရုပ်ရှင်မြို့တော်စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ရာမှာ အနုပညာကိုအခြေခံတဲ့ လုပ်ငန်းများကိုသာ ဦးစားပေးဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားခဲ့ပါတယ်။ လှည်းကူးမြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်မည့် “ရုပ်ရှင်မြို့တော်စီမံကိန်း”အတွက် စိတ်ဝင်စားမှု အဆိုပြု လွှာပေးအပ်ထားသည့် လုပ်ငန်းရှင်များအားတွေ့ဆုံသည့်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်းရှိ ဧက ၂၀ဝ အကျယ် ရုပ်ရှင်မြို့တော်စီမံကိန်းမြေပေါ်မှာ Master Plan နဲ့ ဇုန် ၁၀ ဇုန်ကို အပိုင်းလိုက် တည်ဆောက်သွားမည်ဖြစ်ပါတယ်။ အဆိုပါမြေနေရာမှာ ရုပ်ရှင်မြို့တော်စီမံကိန်း Master Plan အရ အပိုင်းလိုက် လုပ်ငန်းဖော်ဆောင်ရာမှာ အကျိုးတူပူးပေါင်းဆောင်ရွက်ရန် စိတ်ပါဝင်စားသူ လုပ်ငန်း ရှင်များအတွက် စိတ်ဝင်စားမှုဖော်ပြလွှာ(EOI Form)ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဇွန်လ ၂၇ ရက်က စတင် ရောင်းချခဲ့ခြင်းဖြစ်သည်။ လက်ရှိမှာ နှစ် ၃၀ လုပ်ပိုင်ခွင့် ရရှိထားသော အဆိုပါ ရုပ်ရှင်မြို့တော်စီမံကိန်းက အမြန်လမ်း၊ မိုင်တိုင်၂၀နဲ့၄ ဖာလုံတွင်တည်ရှိပြီး၎င်း၏ ဇုန် ၁၀ ဇုန်မှ မြန်မာနိုင်ငံမြို့ကြီးများမှ အထင်ကရနေရာများ၊ ရုပ်ရှင် လောကသားများလိုအပ်တဲ့ တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ နေအိမ်များ၊ ချောင်းများပါဝင်သည့် တောအုပ်များနှင့် စတူဒီယိုများ အပါအဝင် ပြည်သူများအတွက် အပန်းဖြေနားနေရန်နေရာများ၊ စားသောက်ဆိုင်များနှင့် ကလေး ကစားကွင်းများ ပါဝင်ပါတယ်။ (NVS-004)