“နျူကလီးယားအရေးဆွေးနွေးပွဲများပြန်လည်စတင်ရန် အီရန်နှင့် ဥရောပအင်အားကြီးနိုင်ငံများ သဘောတူ”

21 Jul

အီရန်နိုင်ငံ၏ နျူကလီးယားအရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲများပြန်လည်စတင်ရန် အီရန်နှင့် ဥရောပ အင်အားကြီးသုံးနိုင်ငံတို့အကြား သဘောတူညီခဲ့ကြကြောင်း အီရန်မီဒီယာတစ်ခုက ဇူလိုင်လ ၂၀ ရက်တွင် ဖော်ပြခဲ့သည်။ အီရန်နိုင်ငံသည် ၎င်းတို့၏နျူကလီးယား အစီအစဉ်နှင့်စပ်လျဉ်း၍ စေ့စပ်ဆွေးနွေးမှုများ ပြန်လည်စတင်ရန် ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီ စသည့် ဥရောပနိုင်ငံကြီးများနှင့် မူအားဖြင့် သဘောတူညီခဲ့ကြပြီးဖြစ်ကြောင်း အတွင်းသိတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ Tasnim သတင်းအေဂျင်စီက ဖော်ပြခဲ့ခြင်းဖြစ်သည်။ အီရန်နိုင်ငံသည် ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်စပ်လျဉ်း၍ အမေရိကန်ပြည်ထောင်စုနှင့် ဆွေးနွေးပွဲ များ ပြန်လည်စတင်ရန် အရေးတကြီးကြိုးပမ်းလျက်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဇူလိုင်လ ၁၆ ရက်တွင် ပြောကြားခဲ့ပြီးနောက် အီရန်နှင့် ဥရောပနိုင်ငံကြီးများအကြား သဘောတူညီချက် ချမှတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော် ယခုကဲ့သို့သောအချိန်မျိုးတွင် ဆွေးနွေးပွဲများကို ပြန်လည်စတင်ရန် အမေရိကန် အနေဖြင့် အလျင်အမြန်ဆုံးဖြတ်မည် မဟုတ်ကြောင်း၊ သို့သော် အီရန်နိုင်ငံက နျူကလီးယားအရေး ဖြေရှင်းနိုင်ရန် အတွက် ဆွေးနွေးပွဲသစ်တစ်ရပ်ကို ကျင်းပမည်ဆိုပါက အမေရိကန်အစိုးရက ငြင်းဆိုမည် မဟုတ်ကြောင်း ထရမ့် က ဆက်လက်ပြောကြားသည်။ ထို့ပြင် အီရန်နိုင်ငံအတွင်း ထပ်မံတည်ဆောက်မည့် မည်သည့်နျူကလီးယားစက်ရုံ အသစ်များကိုမဆို အမေရိကန်က တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တယ်လို့ ထရမ့် က ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။

21 Jul

ADVERTISE HERE .