“ယူကရိန်းအရေးဖြေရှင်းရန်အတွက် ထပ်မံကျင်းပမည့်ဆွေးနွေးပွဲသို့ တက်ရောက်ရန် ရုရှားကို ယူကရိန်း ဖိတ်ခေါ်”

21 Jul

ယူကရိန်းအရေး ဖြေရှင်းနိုင်ရေးအတွက် လာမည့်ရက်သတ္တပတ်အတွင်း ထပ်မံကျင်းပမည့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် ယူကရိန်းကိုယ်စားလှယ်အဖွဲ့က ရုရှားနိုင်ငံအား ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။ အဆိုပါဖိတ်ခေါ်မှုကို ယူကရိန်းအမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အတွင်းရေးမှူးနှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဖြစ်သူ ရူစတမ်အူမာရော့ဗ် က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အူမာရော့ဗ် သည် ယခင်က တူကီယဲနိုင်ငံ၊ အစ္စတန်ဘူမြို့၌ ကျင်းပခဲ့သည့် ဆွေးနွေးပွဲများသို့ ဦးဆောင်တက်ရောက်ခဲ့သူလည်း ဖြစ်ကြောင်းသိရသည်။ ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းအရေးကို ဖြေရှင်းနိုင်ရေးအတွက် တူကီယဲနိုင်ငံ၊ အစ္စတန်ဘူမြို့သို့ သွားရောက်၍ ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှင့် တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ က အစောပိုင်းတွင် ပြောကြားထားသည်။ ထို့ပြင် ယူကရိန်းကိုယ်စားလှယ်အဖွဲ့ အနေဖြင့် နှစ်ဦးနှစ်ဖက်အကြား ယခင်ကချမှတ်ထားပြီးဖြစ်သည့် သဘောတူညီချက်နှင့်အညီ လုပ်ဆောင်မည်ဖြစ်ပြီး အဆိုပါ သဘောတူညီချက်အတိုင်း နှစ်နိုင်ငံကြား စေ့စပ် ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်မည်ဟု ရုရှားအစိုးရကမျှော်လင့်ကြောင်း ဇာခါရိုဗာ က ထပ်လောင်း ပြောကြားထားသည်။ တစ်ချိန်တည်းမှာပင် ယူကရိန်းအရေးဖြေရှင်းရာတွင် နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ရပ် ချမှတ်နိုင်ရန်အတွက် ရုရှားနိုင်ငံက ကြိုးပမ်းလျက်ရှိသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင် က တူကီယဲ သမ္မတ အာဒိုဂန် နှင့် အစောပိုင်းတွင် တယ်လီဖုန်းမှတစ်ဆင့် လုပ်ဆောင်ခဲ့သည့် ဆွေးနွေးမှုတွင် ပြောကြား ခဲ့ကြောင်း သိရသည်။

21 Jul

ADVERTISE HERE .