“အမြဲတမ်းစစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းများ တာဝန်ကျေပွန်စွာထမ်းဆောင်ပြီးပါက ပြည်ပအလုပ်အကိုင်များ ရရှိရေး ဆောင်ရွက်ပေးမည်”
21 Jul
အမြဲတမ်းစစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းများ တာဝန်ကျေပွန်စွာ စစ်မှုထမ်းဆောင်ခဲ့ကြသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စစ်မှုထမ်း တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းတာဝန်များတွင် ထည့်သွင်းကြေညာခဲ့ပါတယ်။ စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီကို ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ သုံးဦးနှင့် အဖွဲ့ဝင် ၁၄ ဦးဖြင့် ဇူလိုင်လ ၈ ရက်မှာ ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါကော်မတီရဲ့ လုပ်ငန်းတာဝန်များအနေနဲ့ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးသော ပြည်သူ့စစ်မှု ထမ်းများသည် ရန်သူကြောင့် မသန်မစွမ်းဖြစ်မှု EA1၊ EA2 နှင့် NEA များကို အမြဲတမ်းစစ်မှုထမ်းများနည်းတူ စစ်ရေးချုပ်ရုံးကွပ်ကဲမှုအောက် ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးရုံး အစီအစဉ်ဖြင့် အမြဲတမ်းစစ်မှုထမ်း EA များနည်းတူ ပြန်လည်နေရာချထားနိုင်ရေး ဆောင်ရွက်ပေးရန်၊ အမြဲတမ်းစစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းများ နုတ်ထွက်ခွင့်ပြုချိန်တွင် ပြန်လည်နေရာချထားမှုခံယူ လို/မလို ဆန္ဒအလျောက် လျှောက်ထားတင်ပြစေပြီး ပြန်လည် နေရာချထားမှု ခံယူလိုသူများအား ၎င်းတို့ဆန္ဒပြုသည့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းအလိုက် နိုင်ငံတော်နှင့် တပ်မတော်မှ အသက်မွေးသင်တန်းများပေးနိုင်ရေး ဆောင်ရွက်ပေးရန်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ သက်ဆိုင်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများအား အဆင့်မီစွာ သင်ကြားပေးနိုင်ရေးဆောင်ရွက်ပေးရန်၊ ပြန်လည်နေရာချထားမှုခံယူလိုသော အမြဲတမ်းစစ်မှုထမ်း များနှင့် ပြည်သူ့စစ်မှုထမ်းများအား တက်ရောက် အောင်မြင်ခဲ့သည့် အသက်မွေးသင်တန်းကျောင်းမှ အသိအမှတ်ပြု လက်မှတ်(Certificate of Recognition) ထုတ်ပေးရန်၊ အသက်မွေးသင်တန်းအမျိုးအစားအလိုက် အသိအမှတ်ပြု လက်မှတ်များအား အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်း၊ ဌာနများမှ အသိအမှတ်ပြု၍ အလုပ်နေရာခန့်ထားပေးရေး ဆောင်ရွက် ပေးရန် တို့ပါဝင်ပါတယ်။ ဒါ့အပြင် အမြဲတမ်းစစ်မှုများအတွက် တပ်မတော်ထွက်ခွင့်လက်မှတ်(တပ်မတော်ပုံစံရေး-၈၈)နှင့် ပြည်သူ့ စစ်မှုထမ်းများအတွက် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ(၁၂) ကိုင်ဆောင်ထားသူများ ပြန်လည် နေရာချထားမှုခံယူလိုပါက သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများက ဦးစားပေးအလုပ်အကိုင် ခန့်ထား ပေးနိုင်ရေး(ပြည်တွင်း/ပြည်ပအလုပ်အကိုင်များ) မူဝါဒလုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ဆောင်ရွက်ပေးရန်၊ ပြန်လည်နေရာချထားမှုခံယူလိုသော အမြဲတမ်းစစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းများအား အလုပ်သမားဝန်ကြီး ဌာနမှ ပြည်တွင်းအလုပ်သမားကတ်(Labour Card)၊ ပြည်ပအလုပ်သမားကတ်(OWIC-Overseas Worker Identification Card) ပြုလုပ်ထုတ်ပေးခြင်းနှင့် ပြည်ပအလုပ်အကိုင်ရရှိရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးရန်၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသော ပြည်သူ့စစ်မှုထမ်းများ အနေဖြင့် ပြည်သူ့စစ်မှုမထမ်းမီ တာဝန်ထမ်းဆောင်ခဲ့သော အစိုးရဝန်ထမ်း၊ ပုဂ္ဂလိကလုပ်ငန်း၊ အဖွဲ့အစည်း၊ ကုမ္ပဏီများ၏ ဝန်ထမ်းများဖြစ်ပါက စစ်မှုမထမ်းမီကာလက ထမ်းဆောင်ခဲ့သော အလုပ်အကိုင်၊ လုပ်ငန်းနေရာများအလိုက် ပြန်လည်ခန့်ထားနိုင်ရေး အတွက် တာဝန်ယူဆောင်ရွက်ပေးရန် စသည့်အချက်များ ပါဝင်ကြောင်း ထုတ်ပြန်ချက်အရသိရပါတယ်။ (NVS 004)