“ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ မှတ်ပုံတင်ကြေးများအား သတ်မှတ်ကာလအတွင်း ပေးသွင်းရန်အသိပေး”
21 Jul
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်နှင့် ဆက်စပ်မှတ်ပုံတင်အသစ် လျှောက်ထားမှုအတွက် ဌာနမှ ခွင့်ပြုတဲ့ နေ့မှစ၍ ၂၁ ရက်အတွင်း မှတ်ပုံတင်ကြေးပေးသွင်းဆောင်ရွက်ကြရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက မှတ်ပုံတင် ကြေးအပြင် ဒဏ်ကြေးငွေကို ပေးဆောင်ရမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးထားပါတယ်။ သတ်မှတ်ကာလနှင့် ဒဏ်ကြေးအနေနဲ့ခွင့်ပြုပြီး ဇွန်လ ၂၂ ရက်မှ ၃၀ ရက်အတွင်းပေးသွင်းပါက မှတ်ပုံတင် ကြေးအပြင် ဒဏ်ကြေးငွေကျပ် ၁၀၀,၀၀၀၊ ခွင့်ပြုပြီး ၃၁ ရက် မှ ၆၀ ရက်အတွင်းပေးသွင်းပါက မှတ်ပုံတင်ကြေးအပြင် ဒဏ်ကြေးငွေကျပ် ၂၀၀,၀၀၀၊ ခွင့်ပြုပြီး ၆၁ ရက်မှ ၉၀ ရက်အတွင်းပေးသွင်းပါက မှတ်ပုံတင်ကြေးအပြင် ဒဏ်ကြေး ငွေကျပ် ၃၀၀,၀၀၀ ဖြင့် ပေးဆောင်ရမည်ဖြစ်ပါတယ်။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် Tradenet 2.0 စနစ်မှ အဆိုပါမှတ်ပုံတင်များ လျှောက်ထားမှုနှင့် စပ်လျဉ်း၍ ဌာနမှခွင့်ပြု (Approved) ပြီးသည့်နေ့မှစ၍ ၃ လအတွင်း သတ်မှတ်မှတ်ပုံတင်ကြေးနှင့် ဒဏ်ကြေးကို ပေးသွင်းခြင်းမပြုပါက စနစ်မှအလိုအလျောက်ပယ်ဖျက် (Auto Cancel) သွားမည်ဖြစ်ပါတယ်။ စည်းကမ်းချက်များကို လိုက်နာမှုမရှိပါက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အသစ်ကို ၁ နှစ်အတွင်း ထပ်မံလျှောက်ထားခွင့်မရှိကြောင်း နှင့် အခြားဆက်စပ်မှတ်ပုံတင်ဖြစ်ပါက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ကို ယာယီရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်နှင့် ဆက်စပ်မှတ်ပုံတင်သတ်မှတ် ကြေးများကို ခွင့်ပြုပြီး ၂၁ ရက်အတွင်း အပြီးပေးသွင်းကြပါရန် အသိပေးနှိုးဆော်ထားပါတယ်။ အဆိုပါသတ်မှတ်ချက် များနဲ့လုပ်ငန်းစဉ်များကို ၂ဝ၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှစတင်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားပါတယ်။ Myanmar Tradent 2.0 စနစ်အတွင်း မှတ်ပုံတင်များကို ခွင့်ပြုထုတ်ပေးလျက်ရှိတဲ့ လုပ်ငန်းများမှာ ပို့ကုန် သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်၊ စီးပွားရေးအကျိုးဆောင်မှတ်ပုံတင်၊ အရောင်းစင်တာဖွင့်လှစ်၍ မော်တော်ယာဉ် တင်သွင်းရောင်းချခွင့်လက်မှတ်၊ အရောင်းပြခန်းဖွင့်လှစ်၍ မော်တော်ယာဉ်အသစ်များ တင်သွင်းရောင်းချခွင့်ပြု လက်မှတ်၊ အရောင်းစင်တာဖွင့်လှစ်၍ လုပ်ငန်းသုံးမော်တော်ယာဉ်တင်သွင်းရောင်းချခွင့်ပြု လက်မှတ်၊ အရောင်းပြ ခန်းဖွင့်လှစ်၍ ဆောက်လုပ်ရေးနှင့် လုပ်ငန်းသုံးယန္တရားများ တင်သွင်းရောင်းချခွင့်ပြု လက်မှတ်၊ အရောင်းပြခန်း ဖွင့်လှစ်၍ လျှပ်စစ်သုံးမော်တော်ယာဉ်(EV) တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊ အရောင်းပြခန်းဖွင့်လှစ်၍ လျှပ်စစ်သုံး မော်တော်ဆိုင်ကယ် တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊ အကောက်ခွန်လွတ် အရောင်းဆိုင်မှတ်ပုံတင်၊ ယမကာ တင်သွင်းရောင်းချခွင့်မှတ်ပုံတင်၊ လက်လီ/လက်ကားရောင်းချခွင့်လုပ်ငန်းမှတ်ပုံတင်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင် စသည်တို့ကို ထုတ်ပေးလျက်ရှိပါတယ်။ (NVS 004)