“သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနခွဲနှင့် ပူးပေါင်း လုပ်ဆောင်နေ”
21 Jul
သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းမှာ အရေးပါသော Dengue virus serotype လေးမျိုးအပေါ် စောင့်ကြပ်ကြည့်ရှုခြင်း (Dengue Serological Surveillance) ကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနခွဲနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။ အဆိုပါသွေးလွန်တုပ်ကွေးရောဂါက မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသဆိုင်ရာ နိုင်ငံများဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများတွင် ဖြစ်ပွားလေ့ရှိပြီ မြန်မာနိုင်ငံ၌ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့မှာ ဖြစ်ပွားမှုများပြားလေ့ရှိကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုထားပါတယ်။ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများဖြစ်တဲ့ Abate (ပိုးလောက်လမ်းသေဆေး)၊ Fogging Machine(ခြင်ဆေးမှုတ်စက်)၊ သွေးလွန်တုပ်ကွေးအမြန်သွေးစစ်ကိရိယာ (RDT)၊ ကလေးသွေးပေါင်ချိန်တိုင်းကိရိယာ(Pediatric BP Cuff)တို့ကို ကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်းလည်း သိရပါတယ်။ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သော “ဖုံး၊ သွန်၊ ခပ်၊ စစ်၊ လောင်း၊ ထောင်၊ လဲ၊ ဖွင့်၊ မြှုပ်၊ ရှင်း” လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ခြင်း၊ လူနေရပ်ကွက်၊ ကျေးရွာများရှိ မလှယ်နိုင်၊ မသွန် နိုင်သော ရေစည်များနှင့် အုတ်ကန်များတွင် ခြင်၊လောက် လမ်းသေဆေး(အဘိတ်)ခတ်ခြင်းကို ရက်သတ္တပတ် ခြောက်ပတ်လျှင် တစ်ကြိမ် စနစ်တကျဆောင်ရွက်ကြရန် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း က တိုက်တွန်းထားပါတယ်။ ခြင်မပေါက်ပွားနိုင်အောင် ကာကွယ်နှိမ်နင်းရေးနည်းလမ်းများ၊ ခြင်နှိမ်နင်းရေးလုပ်ငန်းများကို အားသွန်ခွန် စိုက်ဆောင်ရွက်ခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါအပြင် အခြားခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို ကာကွယ်နှိမ်နင်းနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)