“စဉ့်ကိုင်မြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧကပေါင်း ၂၉,ဝဝဝ ခန့် စိုက်ပျိုးရန်လျာထား”

21 Jul

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧက ပေါင်း ၂၉,၀၀၀ ခန့် စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိကြောင်း စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ စဉ့်ကိုင်မြို့နယ်၌ တောင်သူများအနေဖြင့် စပါးအပြင် အခြားသီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိပြီး ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးအပါအဝင် သီးနှံစုံစိုက်ဧကပေါင်း ၇၀,၀၀၀ ခန့် စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ စဉ့်ကိုင်မြို့နယ်၌ ဆန်စပါးထုတ်လုပ်မှုအနေဖြင့် ဒေသတွင်းဖူလုံမှုရှိသည့်အပြင် ခရိုင်အဆင့်၊ တိုင်းဒေသကြီး အဆင့်အထိ ဝမ်းစာဖူလုံစေရေးအတွက် အထောက်အကူဖြစ်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန် ဒေသခံတောင်သူ များအား စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့၊ သွင်းအားစုနှင့် စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီပေးလျက် ရှိပါတယ်။ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများအတွက် အထွက်နှုန်းကောင်းမွန်သော စပါးမျိုးသန့် မျိုးစေ့များကို ထုတ်လုပ်ပေးလျက်ရှိနေပြီး အခြားမျိုးစေ့ထုတ်ကုမ္ပဏီများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ပေးထားပြီး ယူရီးယားဓာတ် မြေဩဇာများကိုလည်း သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိနေပါတယ်။ စိုက်ပျိုးရေးအတွက် အခြေခံလိုအပ်ချက်မှာ မျိုး၊ မြေ၊ ရေ၊ နည်းဖြစ်ပြီး မြေကောင်းမြေသန့်ဖြစ်စေရေးအတွက် မြေဩဇာကို သဘာဝနည်းဖြင့် မှန်ကန်စွာအသုံးချရန်၊ စိုက်ပျိုးရေ အပြည့်အဝရရှိရန်၊ ရာသီဥတုနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန်နှင့် တွေ့ကြုံလာသည့် ရာသီဥတုအခြေအနေပေါ်မူတည်၍ စိုက်ပျိုးနည်း စနစ်များ ပြောင်းလဲစိုက်ပျိုးရန် လိုအပ်ကြောင်းသိရပါတယ်။ (NVS-004)

21 Jul

ADVERTISE HERE .