“ငါးဖမ်းရေယာဉ်များအတွက် ရာသီဥတုဆိုးရွားပါက ခိုလှုံနိုင်ရန်နေရာများ သတ်မှတ်ပေးထား”

21 Jul

မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်း ၂၀၂၄-၂၀၂၅ ငါးဖမ်းရာသီ၌ ငါးဖမ်းလုပ်ငန်းဆောင်ရွက်လျက်ရှိတဲ့ ကမ်းနီး/ကမ်းဝေး ငါးဖမ်းရေယာဉ်များအတွက် မုတ်သုံရာသီတွင် ရာသီဥတုဆိုးဝါးမှုနှင့် ကြုံတွေ့ရပါက အနီးဆုံးခိုလှုံ နိုင်ရန်နေရာများကို လမ်းညွှန်သတ်မှတ်ပေးထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန၊ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။ ငါးဖမ်းရေယာဉ်များသည် ရာသီဥတုဆိုးရွားပါက ရခိုင်ပြည်နယ်၌ မင်းဂံချောင်းအတွင်း၊ ပေါက်တောမြို့နယ် ဖရုံကာကျွန်း၊ ကျောက်ဖြူမြို့နယ် ငလပွေ့ချောင်း၊ သံတွဲမြို့နယ် ဆင်ခေါင်းဆိပ်ကမ်း၊ သံတွဲမြို့နယ် သဗြုချိုင်(ANDREW BAY)၊ တောင်ကုတ်မြို့နယ် သင်္ဘောဆိပ်၊ ဂွမြို့နယ် တင်တောကျေးရွာအုပ်စု အမော်ချိုင်၊ ဧရာဝတီတိုင်းဒေသကြီး ပြင်ခရိုင် ချောင်းဝကျေးရွာ၊ ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာ၊ မွန်ပြည်နယ်၊ ရေးမြို့နယ် ဝါးကျွန်း၊ တနင်္သာရီတိုင်း ဒေသကြီး လောင်းလုံမြို့နယ် လောင်းလုံဘုတ်ကျွန်း (SOUTH MOSCOS)၊ မြိတ်မြို့နယ် တနင်္သာရီကျွန်း (TANINTHARYI ISLAND)နှင့် ကျွန်းစုမြို့နယ် ပြင်စဘုကျွန်းတို့တွင် ရေယာဉ်များနှင့် ရေလုပ်သားများ အန္တရာယ်ကင်းလုံခြုံစွာ ကျွန်းခို ရပ်နားနိုင်ရန် သတ်မှတ်ပေးထားပြီး ရာသီဥတုခိုလှုံမှုကို အကြောင်းပြု၍ ကမ်းဝေးရေယာဉ်များ ကမ်းနီးဒေသအတွင်း ငါး/ပုစွန်ဖမ်းဆီးပါက ထိရောက်စွာအရေးယူသွားမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။ ပင်လယ်ပြင်တွင် ငါး/ပုစွန်ဖမ်းဆီးသည့် ရေယာဉ်များကို ငါးလုပ်ငန်းဦးစီးဌာနက ရက် ၆၀(နှစ်လ) ခွင့်ပြုထားပြီး သတ်မှတ်ရက်ပြည့်ပါက သက်ဆိုင်ရာဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်ရလေ့ရှိပါတယ်။ ပင်လယ်ပြင်၌ မုန်တိုင်း ဖြစ်စေ၊ လှိုင်းလေထန်လျှင်ဖြစ်စေ ရာသီဥတုဆိုးရွားလာပါက မူရင်းဆိပ်ကမ်းများသို့ပြန်သော စက်လှေနည်းပါးပြီး အနီးဆုံးရှိ ကျွန်းများတွင် ခိုနားလေ့ရှိကာ ရာသီဥတုသာယာမှသာ ပြန်လည်ထွက်ခွာ ဖမ်းဆီးကြကြောင်း သိရပါတယ်။ လက်ရှိတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်၌ မုတ်သုံလေအား အနည်းငယ်မှ အားအသင့်အတင့် ရှိနေကြောင်း၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ လှိုင်းအမြင့်မှာ ခုနစ်ပေမှ ကိုးပေအထိ၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ခြောက်ပေမှ ရှစ်ပေခန့်အထိ လှိုင်းကြီးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ (NVS-004)

21 Jul

ADVERTISE HERE .