“မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းသားများအား အမေရိကန်နိုင်ငံမှ ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ် ပို့ချပေးမည်”

21 Jul

နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရရှိမည့် နိုင်ငံတကာအိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကို အမေရိကန်နိုင်ငံ National Association of Realtors (NAR)အသင်းမှ လာရောက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) နှစ်ပတ်လည်အသင်းသားစုံညီ သင်းလုံးကျွတ်အစည်းအဝေး(2025-AGM) မှ သိရပါတယ်။ အဆိုပါ သင်းလုံးကျွတ်အစည်းအဝေးကို ဇူလိုင်လ ၂၀ ရက်က ရန်ကုန်မြို့ရှိ Sky Star Hotel ၌ ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ မြန်မာနိုင်ငံဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏနှင့် ဖိတ်ကြားထားသူများ၊ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ ARENA S.G Mr. Soma Sundram၊ Thai Real Estate Broker Association (TREBA) President Mr. Prawit Anusiri၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ အမှုဆောင်များနှင့် အသင်းဝင်များတက်ရောက်ခဲ့ကြပါ တယ်။ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းရှိ အသင်းသားများကို အမေရိကန်နိုင်ငံ National Association of Realtors (NAR) နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရရှိနိုင်မည့် နိုင်ငံတကာက အိမ်ခြံမြေအတွေ့အကြုံများ၊ အိမ်ခြံမြေ ဝန်ဆောင်မှုနဲ့သက်ဆိုင်တဲ့ ဥပဒေပညာရပ်များ၊ နည်းပညာရပ်ဆိုင်ရာများကို သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းအနေနဲ့ ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ Nihon University ၌ အမေရိကန်နိုင်ငံမှ National Association of Realtors (NAR) အသင်း၊ ဂျပန်နိုင်ငံမှ JARECO, Japan-America Real Estate Coalition Organization၊ Long Island Board of Realtors အသင်းတို့နှင့် သဘောတူ လက်မှတ်များ ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။ (NVS-004)

21 Jul

ADVERTISE HERE .