“မြန်မာ့လက်မှုယွန်းထည်ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည်များ စိတ်ဝင်စားမှုများပြားလျက်ရှိ”

21 Jul

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်တဲ့ ဒေသထွက် မြန်မာ့လက်မှုယွန်းထည်ပစ္စည်းများကို နိုင်ငံခြားခရီးသွား ဧည့်သည်များသာမက ပြည်တွင်းဘုရားဖူး ဧည့်သည်များပါ စိတ်ဝင်စားမှုများပြားလာကြောင်း ညောင်ဦးမြို့နယ်ရှိ ယွန်းထည်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူများများထံမှ သိရပါတယ်။ ယွန်းထည်လုပ်ငန်းသည် မြန်မာ့လက်မှုအနုပညာ လုပ်ငန်းတစ်ရပ်ဖြစ်ပြီး အနုစိတ်လုပ်ကိုင်ရတဲ့ လုပ်ငန်းဖြစ်ကာ ယွန်းထည်ပစ္စည်းအမျိုးပေါင်း တစ်ရာကျော်ရှိပါတယ်။ ယွန်းထည်လုပ်ငန်းများစွာထဲမှ ယွန်းလက်ဖက်အုပ်၊ ယွန်းဆွမ်း အုပ်များကို အများဆုံးပြုလုပ်လျက်ရှိပြီး လက်ရှိအချိန်အထိ ညောင်ဦးခရိုင်အတွင်းရှိ ကျေးလက်ဒေသများ၌ အလှူမင်္ဂလာ ပွဲများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိနေပါတယ်။ ယွန်းထည်ပြုလုပ်ရာတွင် ခြင်း၊ စဉ့်ဖတ်တင်ခြင်း၊ နှီးခေါင်းထိုးခြင်း၊ နှီးစိတ်ခြင်း၊ ကြောင်လိမ်ထည်လုပ်ခြင်း၊ ပွေတည်ခြင်း၊ မြေခံခြင်း၊ အဖြူခွေခြင်း၊ နှီးဖြာခြင်း၊ ပုတ်ထည်၊ ယွန်းထပ်ခြင်း၊ သားရိုးချောခြင်း၊ ဓားကောက်ခြစ်ခြင်း၊ နှီးသပ်ခြင်း စသည်ဖြင့် အဆင့်ဆင့်ပြုလုပ်ရကြောင်း သိရပါတယ်။ နိုင်ငံခြားခရီးသွား ဧည့်သည်များအနေနဲ့ မြန်မာ့လက်မှုယွန်းထည်လုပ်ငန်းများသို့ လာရောက်လေ့လာမှုများ ရှိကြပြီး ပြည်တွင်းဘုရားဖူးဧည့်သည်များလည်း ယွန်းထည်လုပ်ငန်းများကို စိတ်ဝင်စားမှုများလာပါတယ်။ လက်ရှိမှာ ယွန်းလက်ဖက်အုပ်များနှင့် ဧည့်ခန်းဆောင်အလှထား ယွန်းဆွမ်းအုပ် အကြီး/အသေးများ၊ လက်ဝတ်ရတနာထည့်သည့် ယွန်းသေတ္တာ အကြီး/ အသေးများ၊ ယွန်းဘောပင်များ၊ တစ်ရှူးထည့်သည့် ယွန်းဘူးများကို အများဆုံးရောင်းချလျက် ရှိနေတယ်လို့ သိရပါတယ်။ (NVS-004)

21 Jul

ADVERTISE HERE .