အိုစီမန် ကို ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းဖြင့်ခေါ်ယူရန် ဂါလာတာစာရေးအသင်း သဘောတူညီမှုရရှိ

20 Jul

တူကီယဲထိပ်တန်းကလပ် ဂါလာတာစာရေးအသင်းက နာပိုလီအသင်းမှ တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူ ထားသည့် အိုစီမန် ကို ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။ အသက် ၂၆ နှစ်အရွယ် အိုစီမန် အနေနဲ့ နာပိုလီအသင်း တာဝန်ရှိသူများနှင့် ဆက်ဆံရေးမပြေလည်မှုများကြောင့် ယခုနှစ်ဘောလုံးရာသီတွင် ဂါလာတာစာရေးအသင်းထံသို့ တစ်ရာသီ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ယခုအခါ အပြီးသတ်စာချုပ်ဖြင့် ပြောင်းရွှေ့ကစားနိုင်တော့မှာဖြစ်ပါတယ်။ အိုစီမန် ဟာ ယခုနှစ်ဘောလုံးရာသီတွင် ဂါလာတာစာရေးအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၄၁ ပွဲတွင် ၃၇ ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ခုနစ်ကြိမ်ပြုလုပ်နိုင်ခဲ့ကာ ဂါလာတာစာရေး အသင်း တူကီယဲစူပါလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ရာ၌ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ဂါလာတာစာရေးအသင်းက အစောပိုင်းကတည်းက အိုစီမန် ကို အပြီးသတ်စာချုပ်ဖြင့်ခေါ်ယူရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပြီး မန်ယူအသင်းနှင့် သတင်းများထွက်ပေါ်ခဲ့သလို ဆော်ဒီထိပ်တန်း ကလပ်အသင်းကြီးများကလည်း မြင့်မားသည့် လုပ်ခလစာများဖြင့် ခေါ်ယူရန်ကြိုးပမ်းခဲ့ပါတယ်။ အိုစီမန် ကိုယ်တိုင်က ဥရောပတွင်သာ ဆက်လက်ကစားလိုတာကြောင့် ဆော်ဒီကလပ်အသင်းများရဲ့ ကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့ပြီး ဂါလာတာစာရေးအသင်းတွင်သာ ဆက်လက်ကစားရန် ဆုံးဖြတ်ခဲ့ကာ ဂါလာတာစာရေးအသင်းကလည်း မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်သည့် ယူရို ၇၅ သန်းဖြင့် ကမ်းလှမ်း ခဲ့ပြီးနောက် နှစ်ဖက်အသင်းကြား သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

20 Jul

ADVERTISE HERE .