အာဆင်နယ်အသင်းက မာဒူကီ ကို ပေါင် ၄၈ သန်းခွဲဖြင့်ခေါ်ယူ
20 Jul
အာဆင်နယ်အသင်းဟာ လန်ဒန်ပြိုင်ဘက် ချဲလ်ဆီးအသင်းရဲ့ အင်္ဂလန်တောင်ပံတိုက်စစ်မှူး မာဒူကီ ကို ပြောင်းရွှေ့ကြေး ပေါင် ၄၈ သန်းခွဲ နဲ့ ခေါ်ယူလိုက်ကြောင်း သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် မာဒူကီ ဟာ ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားချန်ပီယံ ချဲလ်ဆီးအသင်းမှာ ပါဝင်ခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အာဆင်နယ်အသင်းထံသို့ အပြောင်းအရွှေ့ဖြစ်လာအောင် ကူညီပေးခဲ့ကြသူများကို ကျေးဇူးတင်ရှိကြောင်း အသင်းသစ်နဲ့ စာချုပ်ချုပ်ဆိုအပြီးမှာ မာဒူကီ က ပြောခဲ့ပါတယ်။ ၂၀၂၃ မှာ PSV အသင်းကနေ ပေါင်သန်း ၃၀ နဲ့ ပြောင်းလာခဲ့တဲ့ မာဒူကီ ဟာ ချဲလ်ဆီးအတွက် ၉၂ ပွဲ ကစားပေးခဲ့သလို ကွန်ဖရင့်စ်လိဂ်ချန်ပီယံဆုနဲ့ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုတွေကို ရယူပေးနိုင်ခဲ့ပါတယ်။ မာဒူကီဟာ အခုနွေရာသီဈေးကွက်မှာ ကီပါ၊ ဇူဘီမန်ဒီ၊ နော်ဂတ် တို့ပြီးနောက် အာဆင်နယ်အသင်းခေါ်ယူတဲ့ စတုတ္ထမြောက် ကစားသမားလည်းဖြစ်ပါတယ်။(NVS 008)