အားကောင်းသောအပူပိုင်းမုန်တိုင်း“ဝီဖာ”ကြောင့် ဇူလိုင်လ ၂၁ ရက်မှ ၂၆ ရက်အတွင်း တိုင်းနှင့်ပြည်နယ်အနှံ့ မိုးသည်းထန်စွာရွာသွန်းနိုင်

20 Jul

အားကောင်းသောအပူပိုင်းမုန်တိုင်း“ဝီဖာ”ကြောင့် တိုင်းနှင့်ပြည်နယ်အနှံ့၌ ဇူလိုင်လ ၂၁ ရက်မှ ၂၆ ရက် အတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင်လ ၁၉ ရက်ညပိုင်းမှာ အထူးမိုးလေဝသသတင်းအဖြစ် ထုတ်ပြန်ထားပါတယ်။ တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသည့် အားကောင်းသောအပူပိုင်းမုန်တိုင်း“ဝီဖာ”၏ မုန်တိုင်း အကြွင်းအကျန်တိမ်တိုက်များ မြန်မာနိုင်ငံသို့ရောက်ရှိလာနိုင်ခြင်း၊ ဇူလိုင်လ ၂၄ ရက်တွင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၌ ဖြစ်ပေါ်လာနိုင်မည့် လေဖိအားနည်းရပ်ဝန်းအရှိန်၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် မုတ်သုံလေ ဆက်လက်အားကောင်းနိုင်ခြင်း ဖြစ်စဥ်များရှိနေကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။ အဆိုပါဖြစ်စဥ်များကြောင့် ဇူလိုင်လ ၂၁ ရက်မှ ၂၆ ရက်အတွင်း စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ် နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသ များတွင် ဒေသအလိုက်နှင့် နေရာကွက်၍မိုးကြီးနိုင်ကြောင်း ဖော်ပြထားရှိပါတယ်။ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြု နေထိုင်နိုင်ရန် အသိပေးထုတ်ပြန်ထားပါတယ်။(NVS 003)

20 Jul

ADVERTISE HERE .