ဟန်ဆီဖလစ်ခ် ရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် သီယာဂိုအယ်လ်ကန်တာရာ ပြန်လည်ဆောင်ရွက်ဖွယ်ရှိ
18 Jul
ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း သီယာဂိုအယ်လ်ကန်တာရာ ဟာ ဟန်ဆီဖလစ်ခ်ရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ပြန်ဆောင်ရွက်ဖွယ်ရှိကြောင်း သိရပါတယ်။ အသက် ၃၄ နှစ်အရွယ် သီယာဂို ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဘာစီလိုနာအသင်းမှာ အစပြုခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့အတူ ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းမှ ဘိုင်ယန်မြူးနစ်၊ လီဗာပူးလ်အသင်းတွေဆီ ပြောင်းရွှေ့ကစားခဲ့ပြီး ၂၀၂၄ နွေရာသီမှာ ကစားသမားဘဝက အနားယူခဲ့ပါတယ်။ သီယာဂို ဟာ အနားယူပြီးနောက်မှာ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း ဟန်ဆီဖလစ်ခ် ကိုင်တွယ်နေတဲ့ ဘာစီလိုနာအသင်းမှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပေမဲ့ ဘာစီလိုနာအသင်းက ဘဏ္ဍာရေးစည်းမျဉ်းအရ သူ့ကိုတရားဝင်ခန့်အပ်လို့ မရနိုင်တာကြောင့် လပိုင်းအတွင်းမှာပဲ လမ်းခွဲခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဟန်ဆီဖလစ်ခ် က သီယာဂို ကို နည်းပြအဖွဲ့ဝင်အဖြစ် ပြန်လည်ခေါ်ယူဖို့ စီစဉ်နေတာကြောင့် ဘာစီလိုနာအသင်းမှာ ပြန်လည်မြင်တွေ့ရတော့မယ်လို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။(NVS 008)