“လာမယ့်ရာသီမှာ ပြန်ကစားနိုင်တော့မယ်လို့ဆိုတဲ့ ဝမ်ဘန်ယာမာ”

16 Jul

ပြီးခဲ့တဲ့ NBA ရာသီကုန်ပိုင်းမှာ ပုခုံးသွေးကြောပိတ်မှုကြောင့် ပြိုင်ပွဲတွေကနေ အနားယူနေခဲ့ရတဲ့ ဝမ်ဘန်ယာမာ က လာမယ့်ရာသီမှာ ပြိုင်ပွဲတွေပြန်ကစားနိုင်မှာဖြစ်တယ်လို့ အတည်ပြုသွားပါတယ်။ ဝမ်ဘန်ယာမာ ဟာ ညာဘက်ပုခုံးမှာ သွေးကြောပိတ်မှုကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲက အနားယူနေရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အသက် ၂၁ နှစ်အရွယ် ဝမ်ဘန်ယာမာက သူ့ရဲ့ သွေးကြောပိတ်မှု ပြဿနာအားလုံး ကင်းရှင်းသွားပြီဖြစ်တာကြောင့် အန်တိုနီယိုစပါးအသင်း ဆေးအဖွဲ့ရဲ့ ထောက်ခံချက်နဲ့အတူ ပြိုင်ပွဲတွေ ပြန်ကစား နိုင်တော့မယ်လို့ ပြောခဲ့ပါတယ်။ ၂၀၂၄ မှာ NBA တစ်ရာသီအကောင်းဆုံး မျက်နှာသစ်ကစားသမားဆုကို ရခဲ့တဲ့ ဝမ်ဘန်ယာမာဟာ ပြီးခဲ့တဲ့ရာသီကလည်း NBA All Star အသင်းမှာ ရွေးချယ်ခြင်းခံထားရသူဖြစ်ပါတယ်။ အရပ် ၇ ပေနဲ့ ၃ လက်မအမြင့်ရှိတဲ့ ဝမ်ဘန်ယာမာဟာ ပြီးခဲ့တဲ့ ရာသီမှာ အန်တိုနီယိုစပါးအသင်းအတွက် NBA ၄၆ ပွဲမှာ တစ်ပွဲပျမ်းမျှရမှတ် ၂၄ ဒသမ ၃ မှတ်ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ အန်တိုနီယိုစပါး အသင်းက ဝမ်ဘန်ယာမာအနေနဲ့ စက်တင်ဘာလလောက်မှသာ ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် ဒဏ်ရာပြဿနာကနေ မျှော်လင့်ထားတာထက် စောပြီးပြန်ကောင်းလာခဲ့တာလည်းဖြစ်ပါတယ်။ (NVS 008)

16 Jul

ADVERTISE HERE .