"၃ လအတွင်း ရေထွက်ကုန်တန်ချိန် ၈၀,၀၀၀ ကျော်တင်ပို့ "
16 Jul
၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ပြည်ပကို ရေထွက်ကုန်တန်ချိန် ၈၀၀၀၀ ကျော် တင်ပို့ ထားပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဧပြီလကနေ ဇွန်လအထိ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ကနေ မြန်မာ့ရေထွက်ကုန် မက်ထရစ်တန်ချိန် ၈၂,၇၇၃ တင်ပို့ခဲ့ပြီး ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၉ ဒသမ ၆၀၁ သန်း ရရှိခဲ့တာ ဖြစ်ပါတယ်။ ပြည်ပဈေးကွက်တွေမှာ ဈေးကွက်ယှဉ်ပြိုင်မှု လျော့နေတာနဲ့ ပြည်တွင်းမှာ သဘာဝဘေးအန္တရာယ်ကျ ရောက်မှုအခြေအနေတွေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် အခုနှစ်မှာ ရေထွက်ကုန်တင်ပို့မှုက ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကာလတူနဲ့ယှဉ်ပါက အနည်းငယ်လျော့ကျခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။ လာမယ့် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ပိုမိုတိုးမြှင့်ထုတ်လုပ်တင်ပို့ပြီး လျာထားချက် ပြည့်မီ အောင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အခုဘဏ္ဍာနှစ်မှာ ပြည်ပကို ရေထွက်ကုန်တင်ပို့မှုကနေ ရေထွက်ကုန်တန်ချိန် ၅ သိန်း ၃ သောင်းကျော်၊ ပို့ကုန် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကျော် ရရှိဖို့ မျှော်မှန်းထားပါတယ်။မြန်မာနိုင်ငံကနေ ငါး၊ ပုစွန်၊ ကဏန်းနဲ့ အခြားရေထွက်ကုန် ပစ္စည်းတွေကို ဂျပန်၊ တရုတ်၊ ထိုင်းနဲ့ ဥရောပနိုင်ငံတွေအပါအဝင် အခြားနိုင်ငံပေါင်း ၄၀ ကို တင်ပို့နေတာဖြစ်ပါတယ်။ (NVS 004)