“မွမ်ဘိုင်းမှ ရန်ကုန်ဆိပ်ကမ်းသို့ ကုန်သွယ်မှုလမ်းကြောင်းသစ်တိုးချဲ့ရန်ဆွေးနွေး”
16 Jul
မွမ်ဘိုင်းဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ချိတ်ဆက်၍ ကုန်သွယ်မှုလမ်းကြောင်းသစ်တိုးချဲ့ရန် ဒုတိယဝန်ကြီး ချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး Alexander Sergeevich Shatirov တို့ ဇူလိုင်လ ၁၄ ရက်က နေပြည်တော်ရှိ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးရုံးမှာ တွေ့ဆုံခဲ့ကြခြင်း ဖြစ်ပါတယ်။ တွေ့ဆုံစဥ် ရုရှားနိုင်ငံက အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ ချိတ်ဆက်၍ ကုန်သွယ်မှု လမ်းကြောင်းသစ်တိုးချဲ့ရေး၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများတည်ဆောက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ အရည်အသွေးကောင်းမွန်သော သဘာဝမြေဩဇာများတင်သွင်းရေး၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ် မှုများမြှင့်တင်ဆောင်ရွက်ရေး၊ ငလျင်ဒဏ်ခံနိုင်သော ဆောက်လုပ်ရေးနည်းပညာများမျှဝေရေးနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ (NVS 004)