“ယခုနှစ်တွင် ဥရောပဈေးကွက်သို့ ကော်ဖီဆန်အစိမ်း ၆၈ တန် တင်ပို့ထား”

15 Jul

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့ရှိ သမဝါယမအသင်းသားများနှင့် စုပေါင်းဖွဲ့စည်း ထားတဲ့ Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းအနေဖြင့် ယခုနှစ်တွင် ဥရောပဈေးကွက်သို့ ကော်ဖီဆန်အစိမ်း ၆၀ တန် တင်ပို့ထားပြီးဖြစ်ကြောင်း ဟိုပုံးမြို့နယ် Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမဦးစီးဌာနမှ သိရပါတယ်။ Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းအနေနဲ့ ကော်ဖီဆန်အစိမ်းများကို ၂၀၁၉ ခုနှစ်မှ စတင်၍ ဥရောပဈေးကွက်သို့ နှစ်စဉ်တင်ပို့လျက်ရှိရာ ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းကော်ဖီဆန်အစိမ်းတန်ချိန် ၁၅၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခု ၂၀၂၅ ခုနှစ်မှာတော့ ဇွန်လမှစ၍ တင်ပို့လျက်ရှိနေပြီး ပြီးခဲ့တဲ့နှစ်ထက် ပိုမိုတင်ပို့နိုင်စေရန် ရည်မှန်းထားပါတယ်။ Green Gold ကော်ဖီများကို ဘယ်လ်ဂျီယံနိုင်ငံနဲ့ ပြင်သစ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိပြီး ၂၀၂၄ ခုနှစ်အတွင်း စုစုပေါင်း ကော်ဖီဆန်အစိမ်းတန်ချိန် ၁၅၃ ဒသမ ၃ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ ဇွန်လတွင် ၃၄ တန်၊ ဇူလိုင်လတွင် ၃၄ တန်နှင့် စုစုပေါင်းတန်ချိန် ၆၈ တန် တင်ပို့ထားပြီးဖြစ်ပါတယ်။ Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းဝင်များအား ပို့ကုန်၊ သွင်းကုန်လိုင်စင် လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းကိစ္စရပ်များကို ကူညီဆောင်ရွက်လျက်ရှိပြီး ဘဏ္ဍာရေးအစီရင်ခံစာများ ကိုလည်း သမဝါယမဦးစီးဌာနမှ နှစ်စဉ်စစ်ဆေးအတည်ပြုပေးလျက်ရှိပါတယ်။ Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှထုတ်လုပ်တဲ့ ကော်ဖီများကို ပြည်ပဈေးကွက်သို့ ရေရှည်တင်ပို့နိုင်ရေးအတွက် ကော်ဖီစိုက်နည်းစနစ်များ မှန်ကန်မှုရှိရန်၊ အရိပ်ရအပင်များ စနစ်တကျစိုက်ပျိုးရန်၊ အပင် များကို ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ခူးဆွတ်သောအခါ ရင့်မှည့်သောအသီးများကို ရွေးချယ်ခူးဆွတ်ရန် သက်ဆိုင်ရာမှ အသိပညာပေးလုပ်ငန်းများဖြင့် ပံ့ပိုးမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

15 Jul

ADVERTISE HERE .