“ကိုဗစ် – ၁၉ ချေးငွေကို ပေးသွင်းဖို့ကျန်ရှိနေတဲ့လုပ်ငန်းများ အရေးယူဆောင်ရွက်ရန်စီစဉ်နေ”

15 Jul

ကိုဗစ်-၁၉ ရန်ပုံငွေမှချေးငွေထုတ်ယူထားတဲ့ လုပ်ငန်းများအနက် ငလျင်ဘေးဒဏ် အမှန်တကယ် ထိခိုက်ခံစား ခဲ့ရတဲ့ ကုမ္ပဏီ/လုပ်ငန်းများကို ချန်လှပ်၍ ကျန်လုပ်ငန်းများကို စီမံခန့်ခွဲမှုနည်းလမ်းအရအရေးယူရန် စီစဉ်နေပါတယ်။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီရဲ့ (၂/၂၀၂၅) အစည်းအဝေးမှာ ချေးငွေအတိုးအရင်းမပေးဆပ်တဲ့ ကုမ္ပဏီ/လုပ်ငန်းများထဲမှ ငလျင်ဘေးဒဏ် အမှန်တကယ် ထိခိုက်ခံစားခဲ့ရသည့် ကုမ္ပဏီ/လုပ်ငန်းများအားချန်လှပ်၍ ကျန်လုပ်ငန်းများကို စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူရန် ကိစ္စ၊ နိုင်ငံသားပိုင် ငါး၊ ပုစွန်မွေးမြူ‌ရေးကဏ္ဍနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍတို့က ချေးငွေ သက်တမ်းကာလပြည့်မြောက်နေပြီဖြစ်တဲ့အတွက် ချေးငွေများပြန်လည်ကောက်ခံရန်၊ နိုင်ငံတော်ရဲ့လည်ပတ် ရန်ပုံငွေနှင့် အထွေထွေပိုလျှံရန်ပုံငွေသို့ ပြန်လည်ကောက်ခံရရှိမှုနှင့် ပေးသွင်းပြီးစီးမှု အခြေအနေ၊ ပေးဆပ်ရန်ကျန်ရှိမှု ကိစ္စတို့ကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ပြည်နယ်/တိုင်းဒေသကြီးအလိုက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူ ထားတဲ့ ကုမ္ပဏီ/လုပ်ငန်းများမှ အတိုးအရင်းကောက်ခံရရှိမှုနှင့် သက်ဆိုင်ရာဌာနများ၊ ချေးငွေကြီးကြပ်ရေးအဖွဲ့များ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုအခြေအနေများနှင့် ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်သူများကို စီမံခန့်ခွဲမှု နည်းလမ်းနဲ့ အရေးယူဆောင်ရွက်နိုင်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါတယ်။ (NVS 004)

15 Jul

ADVERTISE HERE .