“ဆန်ရည်ညွှန်းစျေးနှုန်းထုတ်ပြန်မှုအရ ပေါ်ဆန်းအုပ်စုဝင်ဈေးနှုန်းများ မြင့်တက်လာ”

15 Jul

ဇူလိုင်လအတွက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း (Reasonable Market Price) ဆန်ရည်ညွှန်း စျေးနှုန်းများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက အသိပေးထုတ်ပြန် ထားပါတယ်။ အဆိုပါထုတ်ပြန်ချက်အရ ရွှေဘိုပေါ်ဆန်းဆန် ပထမတန်း(အဆင့်မြင့်-အဟောင်း) ၂၄ ပြည်တစ်အိတ်၏ အမြင့်ဆုံးဈေးနှုန်းမှာ ပြီးခဲ့တဲ့ဇွန်လကအတိုင်းအပြောင်းအလဲမရှိဘဲ ၁၅၅,၀၀၀ ကျပ်ဖြစ်ပေမယ့် အသစ်ဈေးနှုန်းမှာ ယခင်လက ၁၄၀,၀၀၀ ကျပ်မှ ယခုအခါ ၁၄၃၀၀၀ ကျပ်ဖြစ်ပေါ်ခဲ့ပြီး ဒုတိယတန်းဈေးနှုန်းများကတော့ အပြောင်းအလဲ မရှိဘဲ ယခင်လကအတိုင်း(အဟောင်း) ၁၅၀,၀၀၀ ကျပ်နှင့်(အသစ်) ၁၃၅,၀၀၀ ကျပ် ဖြစ်ကြောင်း သိရပါတယ်။ အလားတူ ပေါ်ဆန်းအုပ်စုဝင် ဘေးကြားနှင့်ကျားပျံ ပထမတန်း(အဆင့်မြင့်- အဟောင်း) ၂၄ ပြည်တစ်အိတ် အမြင့်ဆုံးဈေးနှုန်းမှာ ယခင်လကအတိုင်း ၁၃၅,၀၀၀ ကျပ် သတ်မှတ်ထားပေမယ့် အသစ်ဈေးနှုန်းမှာ ယခင်လက ၁၂၂,၀၀၀ ကျပ်သတ်မှတ်ခဲ့ရာမှ ယခုလတွင် ၁၂၄၀၀၀ ကျပ် သတ်မှတ်ထားပြီး ဒုတိယတန်း(အဟောင်း)ဈေးနှုန်းမှာ ပြောင်းလဲမှုမရှိဘဲ ဒုတိယတန်း(အသစ်)ဈေးနှုန်းမှာ ဇွန်လတွင် ၁၀၇,၀၀၀ ကျပ်ဖြစ်သော်လည်း ယခုလတွင် ၁၁၉၀၀၀ ကျပ်သို့ မြင့်တက်လာခဲ့ပါတယ်။ ဒါ့အပြင် ပြည်ပတင်ပို့တဲ့ ဆန်ကြမ်းအုပ်စုများ၊ ပြည်ပတင်ပို့ခြင်းနှင့် ပြည်တွင်းစားသုံးမှုရှိသည့် ဆန်အုပ်စုများ၊ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တို့မှထွက်ရှိတဲ့ စားသုံးမှုအရည်အသွေးကောင်းမွန်သော ပြညတွင်းစားသုံးဆန်များနှင့် မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ နေပြည်တော်နှင့် မြန်မာနိုင်ငံအထက်ပိုင်းမှထွက်ရှိသော အထူးကောင်းမွန်တဲ့ ဆန်များ၏ ဈေးနှုန်း များကိုလည်း သတ်မှတ်ဖော်ပြထားပါတယ်။ အခုလိုလစဉ်ထုတ်ပြန်ပေးနေတဲ့ ရည်ညွှန်းစျေးနှုန်းများ၊ စည်းကမ်းချက်များနှင့်အညီ ရောင်းချရန် ညွှန်ကြား ထားပြီး စျေးနှုန်းပိုမိုမြှင့်တင်ရောင်းချခြင်း၊ အရည်အသွေးမမှန်မကန် ရောင်းချခြင်းနှင့် လိုက်နာဆောင်ရွက်မှုမရှိခြင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ-၅အရ တရားစွဲဆိုခြင်း၊ ဒဏ်ငွေနှင့်အခွန်ငွေသတ်မှတ် ပေးဆောင်စေခြင်း စသည့်ဥပဒေများအတိုင်း ထိရောက်စွာအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတိပေးထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ဆန်စက်များ၊ ဆန်အရောင်းဆိုင်များ၊ ကုန်သည် များနှင့် ဆန်လုပ်ငန်းရှင်များအနေနဲ့ အလေးအနက်ထား လိုက်နာဆောင်ရွက်ကြရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က အသိပေးတိုက်တွန်းထားပါတယ်။ (NVS 004)

15 Jul

ADVERTISE HERE .