“နှစ် (၁၀၀)ပြည့် မြို့မတေးသီချင်းဆိုပြိုင်ပွဲ ကျင်းပမည်”
15 Jul
မြို့မတူရိယာအသင်းကြီး၏ နှစ်(၁၀၀) ပြည့်အထိမ်းအမှတ်အနေနဲ့ မြို့မတေးသီချင်းများအဆိုပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးမြို့မတူရိယာအသင်းကြီး နှစ်(၁၀၀)ပြည့် ကျင်းပနိုင်ရေးအတွက် အကြိုအစည်းအဝေးကို ဇူလိုင်လ ၁၃ ရက်က မြို့မတူရိယာအသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးသို့ နာယကနှင့် အမှုဆောင်များ တက်ရောက် ခဲ့ကြပြီး ၂၀၂၅ ခုနှစ်အတွင်း မြို့မတေးသီချင်းဆိုပြိုင်ပွဲကျင်းပခြင်း၊ မြို့မတေးသီချင်းများကို အသင်းသား အဆိုတော်များနှင့် နိုင်ငံကျော်အဆိုတော်များပါဝင်မည့် စီးရီးခွေများ အခမဲ့ပေးဝေခြင်း၊ အထိမ်းအမှတ် မဂ္ဂဇင်း ထုတ်ဝေခြင်းများ ပြုလုပ်သွားမယ်လို့ ဆုံးဖြတ်ဆွေးနွေးခဲ့ကြပြီး ဇူလိုင်လ ၂၀ ရက်(တနင်္ဂနွေနေ့) မွန်းလွဲ ၁ နာရီမှာ အမှုဆောင်အစည်းအဝေးကို ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် မြို့မတေးသီချင်းများ အဆိုပြိုင်ပွဲတွင် ပထမဆုငွေကျပ်သိန်း ၁၀၀၊ ဒုတိယဆု ငွေကျပ်သိန်း ၅၀၊ တတိယဆုငွေကျပ် ၂၅ သိန်း၊ နှစ်သိမ့်ဆု ပထမ၊ ဒုတိယ၊ တတိယဆုများကို ငွေကျပ် ၁ဝ သိန်းနှင့် နှစ်သိမ့်ဆုများကို ငွေကျပ် ၅ သိန်းစီဖြင့် ဆု ၁၀ ဆု ချီးမြှင့်ပေးအပ်သွားမှာဖြစ်ပါတယ်။ မြို့မအသင်းကြီးကို ၁၉၂၅ ခုနှစ်က အပျော်တမ်းအဖွဲ့အဖြစ် ရတနာပုံဗုဒ္ဓဝေယျာဝစ္စအသင်းအမည်ဖြင့် စတင်ခဲ့ရာမှ ၁၉၂၈ ခုနှစ်တွင် “မြို့မ”ဆိုသည့်နာမည်ကို ဆရာ မြို့မငြိမ်း တို့က နာမည်ပေးဖွဲ့စည်းခဲ့တယ်လို့ သိရပါ တယ်။ မြို့မအသင်းကြီး၏ ငွေရတုပွဲတော်ကို ၁၉၇၅ ခုနှစ်၌ ပန်တျာကျောင်း၊ လဟာပြင်ဇာတ်ရုံနှင့် စိန်ရတုပွဲတော်ကို ၂ဝဝဝ ပြည့်နှစ်က ရန်ကုန်၊ မန္တလေး အမျိုးသားဇာတ်ရုံတို့မှာ ကျင်းပခဲ့ပါတယ်။ မြို့မတူရိယာအသင်းကြီး၏ နှစ်(၁ဝဝ) ပြည့်ပွဲတော် ကျင်းပနိုင်ရေးအတွက် ကော်မတီအသီးသီးဖွဲ့စည်းရန် မန္တလေးမြို့မိမြို့ဖများ၊ ပါဝင်သင့်ပါဝင်ထိုက်သူ များကို မြို့မအမှုဆောင်အဖွဲ့က ဖိတ်ကြားဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရပါတယ်။ (NVS 004)