တောင်ပံကစားသမား ဆန်ချို အတွက် ကစားသမားသုံးဦးအလိုက်ပေးရန် ဂျူဗင်တပ်စ်အသင်းထံ တောင်းဆိုခဲ့တဲ့ မန်ယူအသင်း
05 Jul
မန်ယူအသင်းက အသင်းမှတောင်ပံကစားသမား ဆန်ချို အတွက် ကစားသမားသုံးဦးအလိုက်ပေးရန် ဂျူဗင်တပ်စ်အသင်းထံ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းက လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းတိုက်စစ်ပိုင်း အင်အား ဖြည့်တင်းရန် လုပ်ဆောင်လျက်ရှိပြီး လိုင်လီအသင်းမှ ဂျိုနသန်ဒေးဗီး ကို ခေါ်ယူနိုင်ပြီးနောက် ဆန်ချို ကိုခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ ဆန်ချို အနေနဲ့ ယခုဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းထံ တစ်ရာသီအငှားစာချုပ်ဖြင့် ကစားခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းက အပြီးသတ်ခေါ်ယူလိုခြင်း မရှိတဲ့အတွက် မန်ယူအသင်းနှင့် ပြန်လည်ပူးပေါင်းရမှာ ဖြစ်သော်လည်း မန်ယူအသင်းက အသင်းထံသို့ ပြန်လည်မခေါ်ယူလိုဘဲ လက်ရှိကစားသမားအပြောင်းအရွှေ့ ကာလတွင် အပြီးသတ်ရောင်းချလိုခြင်းဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းက အသင်းတိုက်စစ်ပိုင်းတွင် ဗလာဟိုဗစ်ချ် ကို ပြန်လည်ရောင်းချပြီး ဆန်ချို ကို ခေါ်ယူ လိုပေမယ့် ဗလာဟိုဗစ်ချ် ကို ရောင်းချရန်ကြန့်ကြာနေကာ မန်ယူအသင်းကလည်း ၎င်းကစားသမားကို အလိုရှိ နေပါတယ်။ မန်ယူအသင်းက ဗလာဟိုဗစ်ချ်၊ ဒေါက်ကလပ် လူးဝစ် နဲ့ နောက်ထပ်ကစားသမားတစ်ဦး စုစုပေါင်းသုံးဦး အလိုက်ပေးရန် ဂျူဗင်တပ်စ်အသင်းထံ တောင်းဆိုထားပြီး ဂျူဗင်တပ်စ်အသင်းက လက်ရှိတွင် တစ်စုံတစ်ရာ အကြောင်းပြန်ထားခြင်း မရှိသေးကြောင်းသိရပါတယ်။(NVS 008)