“ဒါဝင်နူးနက်ဇ်ကို ခေါ်ယူနိုင်ရေးအတွက် ကြိုးပမ်းနေတဲ့ နာပိုလီဥက္ကဋ္ဌ ဒီလော်ရန်းတစ်”

04 Jul

နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ် ဟာ လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ် ကို ခေါ်ယူနိုင်ရေးအတွက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူး ဒါဝင်နူးနက်ဇ် ဟာ ၂၀၂၂ နွေရာသီက ဘင်ဖီကာ အသင်းကနေ လီဗာပူးလ်အသင်းသို့ အပိုဆုကြေးအပါအဝင် ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဝင်နူးနက်ဇ် ဟာ နည်းပြ အာနယ်ဆလော့လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲ ၃၀ မှာ ၈ ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ကာ ၅ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုနွေမှာ ဒါဝင်နူးနက်ဇ်အနေနဲ့ လီဗာပူးလ်အသင်းက ထွက်ခွာဖို့ ပြင်ဆင်နေပြီး သူ့ကို ခေါ်ယူဖို့ နာပိုလီ၊ အက်သလက်တီကိုနဲ့ ဆော်ဒီထိပ်သီး အယ်လ်ဟီလာအသင်းတို့က စိတ်ဝင်စားနေကြပါတယ်။ လက်ရှိ စီးရီးအေချန်ပီယံ နာပိုလီအသင်းက ဒါဝင်နူးနက်ဇ် ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး အသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်ကိုယ်တိုင် အပြောင်းအရွှေ့ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ (NVS 008)

04 Jul

ADVERTISE HERE .