“ဆာဘာလန်ကာနှင့်ပွဲအတွက် အဆင်သင့်ရှိတယ်လို့ဆိုတဲ့ ရာဒူကာနူ”
04 Jul
ဝင်ဘယ်ဒန် အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ တတိယအဆင့်အဖြစ် ကမ္ဘာ့အဆင့် (၁) ဆာဘာလန်ကာနဲ့ ကစားရမယ့်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ဗြိတိန်တင်းနစ်မယ် ရာဒူကာနူက ပြောကြားသွားခဲ့ပါတယ်။ ဒုတိယအဆင့်ပွဲမှာ ၂၀၂၃ ဝင်ဘယ်ဒန်ချန်ပီယံဟောင်း ဗွန်ဒရော့ဆိုဗာကို ၆း၃၊၆း၃ နဲ့ အနိုင်ယူခဲ့ပြီးနောက် ရာဒူကာနူ က အခုလိုပြောသွားခဲ့တာ ဖြစ်ပါတယ်။ လန်ဒန်မှာ ကျင်းပနေတဲ့ ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ရာဒူကာနူ ဟာ အိမ်ရှင်ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ အခုနှစ်မှာ တတိယ အဆင့်ကို တက်ရောက်နိုင်မှုက ရာဒူကာနူ အတွက်တော့ ဝင်ဘယ်ဒန်ပြိုင်ပွဲဝင်ပြိုင်တဲ့ ၄ ကြိမ်မှာ ၃ ကြိမ်မြောက် တက်ရောက်နိုင်မှုလည်း ဖြစ်ပါတယ်။ သောကြာနေ့မှာ ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့အဆင့်-၁ ဆာဘာလန်ကာနဲ့ပွဲက ရာဒူ ကာနူအတွက် အခက်ခဲဆုံး ပွဲတစ်ပွဲ ဖြစ်လိမ့်မယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ဗွန်ဒရော့ဆိုဗာနဲ့ပွဲက အခုနှစ်ထဲမှာ အကောင်းဆုံးကစားနိုင်တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့သလို ယုံကြည်မှုတွေကိုလည်း ပိုမိုတိုးမြင့်စေခဲ့တယ်လို့ အသက် ၂၂ နှစ်အရွယ် ရာဒူကာနူက ပြောကြားသွားခဲ့ပါတယ်။ (NVS 008)