“အီရန်နျူကလီးယားအဆောက်အဦများ ဖျက်ဆီးခံရခြင်းမရှိဟု အမေရိကန်မီဒီယာများက ဖော်ပြမှုများနှင့်ပတ်သက်၍ သတင်းတုများသာဖြစ်ကြောင်း ထရမ့် ဒေါသတကြီး တုံ့ပြန်”
26 Jun
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံအဖွဲ့အစည်းက ပံ့ပိုးပေးသည့် လျှို့ဝှက်ကနဦး ထောက်လှမ်းရေး အကဲဖြတ်မှုတစ်ခုအရ အမေရိကန်စစ်တပ်၏တိုက်ခိုက်မှုသည် အီရန်နျူကလီးယား အဆောက်အဦအား ဖျက်ဆီး နိုင်ခဲ့ခြင်းမရှိဘဲ အီရန်နျူကလီးယားစီမံကိန်းတိုးတက်မှုကို လအနည်းငယ်သာ နှောင့်နှေးစေနိုင်မည်ဟု ဖော်ပြ ထားကြောင်း အမေရိကန်မီဒီယာများ၏ ဇွန်လ ၂၄ ရက် သတင်းဖော်ပြချက်အရ သိရသည်။ အဆိုပါ သတင်းဖော်ပြမှုများနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ထရမ့် က လူမှုမီဒီယာ၌ အဆိုပါသတင်းများမှာ သတင်းတုများသာ ဖြစ်ကြောင်း ဒေါသတကြီးတုံ့ပြန်ခဲ့သည်။ အမေရိကန် CNN သတင်းဌာနက အမေရိကန်စစ်တပ်၏ တိုက်ခိုက်မှုသည် အီရန်နျူကလီးယား အဆောက်အဦအား ဖျက်ဆီးနိုင်ခဲ့ခြင်းမရှိဟု ကနဦးအကဲဖြတ်မှုများကဖော်ပြ ဟူသော ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့ရာ အမေရိကန်ကာကွယ်ရေး ထောက်လှမ်းရေးအေဂျင်စီ(DIA)မှ တင်ပြသည့် အဆိုပါအကဲဖြတ်မှု အစီရင်ခံစာတွင် အမေရိကန်၏ ထိုမတိုင်မီ အီရန်နျူကလီးယားအဆောက်အဦ ၃ နေရာအား တိုက်ခိုက်မှုတွင် ၎င်း၏အဓိက အစိတ်အပိုင်း များအား ဖျက်ဆီးနိုင်ခဲ့ခြင်းမရှိဘဲ ယူရေနီယံသန့်စင်မှုအတွက် အသုံးပြုသည့် centrifuges သည် အကောင်းပကတိ အတိုင်းရှိနေဆဲ ဟုပြောကြားခဲ့သည်။ The New York Times ကလည်း အမေရိကန်စစ်တပ်၏ တိုက်ခိုက်မှုသည် နျူကလီးယားအဆောက်အဦနှစ်ခု၏ အဝင်ဝကိုသာ ပိတ်ဆို့လိုက်ပြီး ၎င်းမြေအောက်အဆောက်အဦကို ဖျက်ဆီးနိုင်ခဲ့ခြင်း မရှိကြောင်း၊ အီရန်နျူကလီးယား စီမံကိန်း တိုးတက်မှုသည် နှောင့်နှေးသွားနိုင်သော်လည်း နှောင့်နှေးသွားမည့် ခန့်မှန်းခြေကြာချိန်သည် ၆ လထက် ကျော်မည်မဟုတ်ကြောင်း သတင်းဖော်ပြထားသည်။ ထို့နောက် ထရမ့် ကလည်း “လူမှုမီဒီယာတွင် သတင်းတု အမေရိကန် CNN သတင်းဌာနနဲ့ တစ်နေ့တခြား ဆုတ်ယုတ်လာနေတဲ့ The New York Times တို့ ပူးတွဲပြီး သမိုင်းမှာအအောင်မြင်ဆုံး စစ်ရေးတိုက်ခိုက်မှုတွေထဲက တစ်ခုကို အမည်ဖျက်ဖို့ ကြိုးစားနေတယ်။ အီရန်ရဲ့ နျူကလီးယား အဆောက်အဦတွေကို လုံးဝဖျက်ဆီးပြီးသွားပြီ” ဟု တုံ့ပြန်ခဲ့သည်။ အီရန်ပြည်သူများ၏ ရဲရဲတောက်ခုခံတော်လှန်မှုဖြင့် အစ္စရေးက စတင်ခဲ့သည့် အဆိုပါ ၁၂ ရက်ကြာ တိုက်ပွဲကို အဆုံးသတ်လိုက်ကြောင်း၊ ရန်သူက အီရန်နျူကလီးယားအဆောက်အဦများကို ဖျက်ဆီးရန်မဖြစ်နိုင်သည့် ကြိုးပမ်းမှု၊ လူမှုအသိုင်းအဝိုင်း ကယောက်ကယက်ဖြစ်စေရန် လုပ်ဆောင်မည့် အကြံအစည်သည် လုံးဝရှုံးနိမ့်ခဲ့ကြောင်း အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ် ၏ ဇွန်လ ၂၄ ရက်က အီရန်ပြည်သူများသို့ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။ ထိုနေ့တွင်ပင် အီရန်အဏုမြူစွမ်းအင်အဖွဲ့အစည်းခေါင်းဆောင် မိုဟာမက် အက်စ်လန်မီ က အီရန်နျူကလီးယား စီမံကိန်းသည် အစ္စရေးနှင့် အမေရိကန်၏ စစ်ရေးအရတိုက်ခိုက်မှုခံရပြီးနောက် ဆက်လက်လုပ်ဆောင်နိုင်ရေးအား အာမခံပေးနိုင်ရန်အတွက် အီရန်အစိုးရသည် လိုအပ်သောအစီအမံကို လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်စစ်တပ်သည် အီရန်၏ ဖော်ဒိုး၊ နာတန့်ဇ်၊ အက်စ်ဖာဟန် တို့ရှိ နျူကလီးယား အဆောက်အဦနေရာ ၃ ခုအား အပြည့်အဝဖယ်ရှားပြီးဖြစ်သည်ဟု အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဇွန်လ ၂၁ ရက် ညပိုင်းတွင် ထရမ့်က ကြေညာခဲ့သည်။