“AIIB ဥက္ကဋ္ဌအသစ်အဖြစ် ကျို့ကျားရီအား ရွေးချယ်”

26 Jun

အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB)၏ လာမည့်ဥက္ကဋ္ဌသစ်အဖြစ် ကျို့ကျားရီ အား ရွေးချယ် လိုက်ကြောင်း AIIB အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပေကျင်းမြို့တွင် ဇွန်လ ၂၄ ရက်၌ ကြေညာခဲ့သည်။ AIIB တည်ထောင်သူဥက္ကဋ္ဌ ကျင်းလိချွင်၏ ဒုတိယမြောက် ငါးနှစ်သက်တမ်းပြီးဆုံးသည့်နေ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ကျို့၏ ငါးနှစ်သက်တမ်း စတင်မည်ဖြစ်သည်။ ကျို့သည် ကမ္ဘာငွေကြေးမူဝါဒရေးရာတွင် ဆယ်စုနှစ်သုံးခုကြာ အတွေ့အကြုံများရှိသည့် အတွေ့အကြုံရင့် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ယင်းဘဏ်၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ ဒုတိယဘဏ္ဍာရေး ဝန်ကြီးဟောင်းတစ်ဦးလည်းဖြစ်သူ ကျို့သည် အဓိကနိုင်ငံတကာငွေကြေးအဖွဲ့အစည်းများနှင့်အတူ တရုတ်နိုင်ငံ၏ စေ့စပ် ညှိနှိုင်းရာတွင် အရေးပါသော အတွေ့အကြုံလည်းရှိသူဖြစ်သည်။ ၎င်း၏အတွေ့အကြုံက ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုး တိုးတက်မှုဘဏ်နှင့် New Development Bank စသည့် အဖွဲ့အစည်းများအား ပါဝင်အားဖြည့်ပေးခဲ့သည်။ “ကျွန်မကို ယုံကြည်စွာနဲ့ နေရာပေးတဲ့ AIIB အဖွဲ့ဝင်များကို ကျေးဇူးလည်းတင်ပါတယ်။ ဂုဏ်လည်းယူပါတယ်” ဟု ကျို့က ပြောခဲ့သည်။ AIIB အနေဖြင့် အဖွဲ့ဝင်နိုင်ငံ ၃၈ နိုင်ငံရှိ စီမံကိန်း ၃၂၂ ခု၊ အခြားထိပ်တန်း နိုင်ငံစုံ ဖွံ့ဖြိုးတိုးတက်မှုဘဏ်များနှင့် မိတ်ဖက်ဆောင်ရွက်သည့် ကိစ္စရပ်များစွာ၌ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မတည်ရင်းနှီး ငွေများလည်း မြှုပ်နှံထားပြီးဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ AIIB သည် အနာဂတ်အတွက် စဉ်ဆက်မပြတ်စွမ်းဆောင်နိုင်မှုကို ဗဟိုပြုလျက် မနက်ဖြန်အတွက် အခြေခံ အဆောက်အအုံငွေကြေးပံ့ပိုးပေးရန် စိတ်နှစ်မြှုပ်လုပ်ဆောင်ခဲ့သည့် နိုင်ငံစုံဖွံ့ဖြိုးတိုးတက်မှုဘဏ်တစ်ခု ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် လုပ်ငန်းစတင်လည်ပတ်ခဲ့သော AIIB သည် ကမ္ဘာတစ်ဝန်း အတည်ပြုအဖွဲ့ဝင်နိုင်ငံပေါင်း ၁၁၀ ရှိလာကြောင်း သိရသည်။

26 Jun

ADVERTISE HERE .