“အီရန်နျူကလီးယားအရေးကို နိုင်ငံရေးအရ ဖြေရှင်းသည့်လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရေး တွန်းအားပေးရန် တရုတ်ကိုယ်စားလှယ်တိုက်တွန်း”

26 Jun

အီရန်နျူကလီးယားအရေးကို နိုင်ငံရေးအရ ဖြေရှင်းသည့်လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရေးအား နိုင်ငံတကာ အသိုင်းအဝိုင်းက တွန်းအားပေးရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံး က လုံခြုံရေးကောင်စီ၏ အီရန်နျူကလီးယားအရေး တံခါးဖွင့်အစည်းအဝေးတွင် ဇွန်လ ၂၄ ရက်က ပြောကြားခဲ့သည်။ အီရန်နျူကလီးယားအရေး၏ သံတမန်ရေးနည်းလမ်းမှာ လမ်းဆုံးမရောက်သေးသလို ငြိမ်းချမ်းစွာဖြေရှင်းရေးမှာ မျှော်လင့်ချက်ရှိဆဲပင်ဖြစ်သည်ဟု တရုတ်နိုင်ငံက ယူဆကြောင်း၊ ဘက်အသီးသီးအနေဖြင့် သင်ခန်းစာယူ၍ တန်းတူ ညီမျှမှုကို အရင်းခံကာ ဆွေးနွေးမှုပြန်လည်စတင်ပြီး အီရန်နျူကလီးယားအရေး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရေးအား တွန်းအားပေးသင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ပထမအနေဖြင့် အပစ်ရပ်၊ စစ်ပွဲရပ်ရေးကို အာမခံပေးရန်မှာ လက်ရှိအရေးကြီးဆုံး ကိစ္စရပ်ဖြစ်ကြောင်း၊ လက်နက် အင်အားသုံးမှုသည် နိုင်ငံတကာအငြင်းပွားမှုကိုဖြေရှင်းရန် မှန်ကန်သောနည်းလမ်း မဟုတ်သလို အီရန်နျူကလီးယား အရေးအား မဖြေရှင်းနိုင်သည်ကိုလည်း ဖြစ်ရပ်မှန်က သက်သေထူခဲ့ကြောင်း၊ လက်ရှိအခြေအနေတိုးတက်မှုကို တရုတ် နိုင်ငံက သတိပြုမိရာ စစ်မှန်သောအပစ်ရပ်ရေး လက်တွေ့ကျထိရောက်စွာ ဖော်ဆောင်နိုင်ရန်မျှော်လင့်ကြောင်း၊ သက်ဆိုင်သူများက လက်တွေ့ကျသည့် အစီအမံများဖော်ဆောင်ကာ အခြေအနေထပ်မံဆိုးရွားလာမှုကို တားဆီးသင့် ကြောင်း၊ နိုင်ငံတကာအနေဖြင့် အခြေအနေပြေလျော့ရေး၊ ဆွေးနွေးစေ့စပ်ညှိနှိုင်းရေးအား တွန်းအားပေးရန်အတွက် ကြိုးပမ်းမှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဒုတိယအနေဖြင့် နိုင်ငံရေးအရဖြေရှင်းမှုကို အခိုင်အမာလက်ကိုင်ထားခြင်းသည် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ကြောင်း၊ အီရန်နျူကလီးယားဘက်စုံသဘောတူညီချက်(JCPOA)နှင့် ယင်းသဘောတူညီချက်ကို စိစစ်ခွင့်ပြုခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်(၂၂၃၁)က အတည်ပြုထားသော အဓိကရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များသည် အီရန်နျူကလီးယားအရေးကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရေး နောက်တစ်ဆင့် လုပ်ငန်းစဉ် တွင် ဆက်လက်၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း၊ နိုင်ငံရေး၊ သံတမန်ရေးအရ ဖြေရှင်းသည့် ဦးတည်ချက်ကြီးအား အခိုင်အမာထိန်းသိမ်းထားပြီး လက်နက်အင်အားသုံးမှုနှင့် တရားမဝင် ပိတ်ဆို့အရေးယူမှုများအား ကန့်ကွက်ရမည် ဖြစ်ကြောင်း၊ နျူကလီးယားမပြန့်ပွားရေးနှင့် နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးချရေး ရည်မှန်းချက်ကို တစ်စုတစ်စည်းတည်း စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အီရန်အနေဖြင့် နျူကလီးယားလက်နက် ဖွံ့ဖြိုးတိုးတက်အောင် မပြုခြင်း ကတိကဝတ်ကို ဆက်လက်၍ အခိုင်အမာလိုက်နာထိန်းသိမ်းသင့်ကြောင်း၊ ဘက်အသီးသီးအနေဖြင့် နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်သော အီရန်၏ နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာအသုံးချခွင့်ကို အပြည့်အဝလေးစားသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တတိယအနေဖြင့် ဆွေးနွေးစေ့စပ်ညှိနှိုင်းမှု စတင်ခြင်းသည် အခြေခံထွက်လမ်းဖြစ်ကြောင်း၊ အီရန်နျူကလီးယား ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုအတွက် လုပ်ဆောင်ခဲ့သောကြိုးပမ်းမှုအားလုံးကို တရုတ်နိုင်ငံကထောက်ခံကြောင်း၊ လုံခြုံရေး ကောင်စီက အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သင့်ကာ စေ့စပ်ညှိနှိုင်းမှု ပြန်လည်စတင်ရန် အတွက် အကျိုးရှိသောအခြေအနေများ ဖန်တီပေးရန် သက်ဆိုင်ရာဘက်အသီးသီးက ယုံကြည်မှုတည်ဆောက်ရန်၊ သဘောထားကွဲလွဲမှုများ ရင်ကြားစေ့လာစေရန် ကူညီဆောင်ရွက်ပေးသင့်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံများသည် ပြန်လည် ပိတ်ဆို့အရေးယူမှုယန္တရားကို စတင်မည်ဟူသော အကြိမ်ကြိမ်အလွယ်တကူခြိမ်းခြောက်သည့် လုပ်ရပ်ကို စွန့်လွှတ် သင့်ကြောင်း၊ ထိုသို့မဟုတ်ပါက တင်းမာသောထိပ်တိုက်ရင်ဆိုင်မှုများသာ ဆိုးရွားစွာဖြစ်ပေါ်လာပြီး သံတမန်ရေးအရ ကြိုးပမ်းမှုများကိုပါ တစ်ဆင့်တိုးပျက်ပြားစေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အီရန်နျူကလီးယားအရေးအား ကောင်းမွန်ဆီလျော်စွာ ဖြေရှင်းရေးသည် နိုင်ငံတကာနျူကလီးယား မပြန့်ပွားရေး စနစ်၏ ဩဇာအရှိန်အဝါနှင့် ထိရောက်မှုအပေါ် သက်ရောက်မှုရှိသည့်အပြင် အရှေ့အလယ်ပိုင်းဒေသ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအတွက်လည်း အလွန်အရေးပါကြောင်း၊ လက်ရှိတွင် ဒေသတွင်းအခြေအနေမှာ အဓိကကျသော၊ အရေးကြီး သော အခိုက်အတန့်တွင်ရှိနေကြောင်း၊ ဘက်အသီးသီးအနေဖြင့် အရေးတကြီးဖြစ်နေသော အသိစိတ်ကို အားကောင်း စေပြီး တာဝန်ယူမှုတာဝန်ခံမှုကိုပြသကာ ဒေသတွင်းအခြေအနေ ပြေလည်ပြေလျော့ရေးအား ဆောလျင်စွာ တွန်းအား ပေး၍ ပြန်လည်ဆွေးနွေးရေးလုပ်ငန်းစဉ်ကို ဆောလျင်စွာစတင်ရန် တရုတ်နိုင်ငံကတိုက်တွန်းကြောင်း၊ လုံခြုံရေး ကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံနှင့် အီရန်နျူကလီးယားဘက်စုံသဘောတူညီချက်(JCPOA)တွင် ပါဝင်သည့် နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံသည် ဓမ္မဓိဋ္ဌာန်ကျ၍ တရားမျှတသည့်ရပ်တည်ချက်ကို ဆက်လက်၍ လက်ကိုင်ထားကာ အရှေ့ အလယ်ပိုင်းဒေသ ငြိမ်းချမ်းမှုပြန်လည်ရရှိရန်၊ အီရန်နျူကလီးယားအရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် လုပ်ငန်းစဉ် တွန်းအားပေးရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် ဘက်အသီးသီးနှင့် အတူ ညှိနှိုင်းပူးပေါင်းဆောင်ရွက်၍ စုပေါင်းအင်အားများ စုစည်းကာ တရားမျှတမှုကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

26 Jun

ADVERTISE HERE .